ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး အဆိုပါကျေးရွာများ၌ ရှိသည့် ဆန်၊ ဆီ၊ မြေပဲ စသည်တို့ကို ပျူစောထီးရွာသို့ ယူဆောင်သွားကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ၉ ရက်အကြာတွင် စစ်ကောင်စီက ကျေးရွာ အများစုကို မီးရှို့သောကြောင့် ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

” သူတို့က မီးမရှို့ခင် သေနတ်နဲ့ချိန်ပြီးတော့ တစ်အိမ် တစ်ယောက်ခေါ်ပြီး အိမ်‌တွေမှာရှိတဲ့ဆန် ဆီ မြေပဲတွေကိုစုပြီး ‌ပျူစောထီးကျေးရွာများ ဖြစ်သော မဒေါင်းလှရွာနှင့် မကျီးတုံ ပျူစောထီးရွာကို သယ်ခိုင်းတယ်၊ ပြီးရင်ရွာကိုမီးရှို့တယ်၊ ကျွန်တော်တို့ကို မလုပ်ရင် ပစ်သတ်မယ်ဆိုတော့ လုပ်ပေးရတယ်။ အခုက သူတို့နဲ့ လွတ်တဲ့နေရာမှာ စားစရာမရှိဘဲ လာရှောင်နေရတယ်”ဟု အင်ကြင်းပင်ရွာရှိ အသက် ၄၀ အရွယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၇ ရွာနီးပါး မီးရှို့ဖျက်ဆီးကာ မီးလောင်ပြင်၌ ယာယီတဲ ပြန်ထိုးထားသော ကျေးရွာများပါမကျန် မီးရှို့နေကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“သူတို့က အခုဆို လောင်းရှည်ရွာကို မီးရှို့နေတာ ၂ ရက်ရှိပြီး၊ မနေ့က ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့နဲ့ ၂ ကြိမ်တိုက်ခိုက်ကြသေးတယ်၊ ဘယ်အချိန် ပြန်ထွက်မလဲတော့မသိဘူးဗျ၊ ကျွန်တော်တို့က လက်ရှိတော့ စစ်ရှောင်ပြည်သူတွေကို ကူညီပြီး ဘေးလွတ်ရာသို့ ခေါ်ဆောင်ပေးနေပါတယ်”ဟု Royal Tiger Guerrilla Force အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မီးရှို့ခံရသည့် ကျေးရွာများမှ စစ်ရှောင်များမှာ စစ်ကောင်စီက ဆန်နှင့်ဆီများ အတင်းအဓမ္မ ယူထားသောကြောင့် စားဝတ်နေရေးခက်ခဲနေကြောင်း Khin U Specislforce Organizations KSO အဖွဲ့ထံမှ သိရသည်။
#Ayeyarwaddy_Times