ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အနေဖြင့် တအာင်း ပလောင်လူမျိုးများကို စစ်မှုထမ်းစေခြင်းနှင့် အခွန်ပေးဆောင်စေခြင်းများ မပြုလုပ်ရန် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)မှ စာပို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
TNLA ၏ လားရှိုးခရိုင်၊ တပ်မဟာ (၆) ဒေသတွင် နေထိုင်ကြသော တအာင်းလူမျိုးများ အပေါ် SSPP/SSA အဖွဲ့မှ စစ်မှုထမ်းစေခြင်းနှင့် အခွန်ပေးဆောင်စေခြင်းများ ပြုလုပ်နေကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ ရက်စွဲဖြင့် TNLA က စာပို့အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။
“ဒီစာက PSLF/TNLA စာ မှန်ကန်တယ်ဆိုတာကိုပဲ အတည်ပြုပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးတာပန်လက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစာတွင် ထိုဒေသရှိ တအာင်းပလောင်လူမျိုးများသည် PSLF/TNLA ထံတွင် တော်လှန်ရေးတာဝန်များနှင့် အမျိုးသားလွတ်မြောက်ရေးတာဝန်များ ထမ်းဆောင် နေကြပြီး SSPP/SSA အဖွဲ့အနေဖြင့် မိမိတို့ PSLF/TNLA တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအပေါ်ထပ်မံ၍ စစ်မှုထမ်းစေခြင်းနှင့် အခွန်ပေးဆောင်စေခြင်းများ မပြုလုပ်ရန် အကြောင်းကြားအပ်သည်ဟု ဖော်ပြထားသည်။
“ကျွန်တော်တို့တွေ အဲဒီလိုမလုပ်ပါဘူး။ သူတို့(PSLF/TNLA)တွေ ဘယ်လိုအမြင်နဲ့ ရေးသလဲတော့ကျွန်တော်မပြောတတ်ဘူး။ နှစ်ဖက်တွေ့ဆုံဖို့ရှိပါတယ်။ ဘယ်တော့ လည်းတော့ မပြောတတ်သေးဘူး။ မဟာမိတ်ဆိုတော့လည်း တစ်ဖက်နဲ့တစ်ဖက် အမြင်မမှားအောင်၊ ကျွန်တော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး သည်းခံပြီး နေပေးတယ်။ ဘာမှတုံ့ပြန်မှုတော့ မလုပ်သေးဘူး။ ဒါပေမယ့် သူတို့ဘက်က အမြင်တော့ ဘယ်လိုရှိသလဲဆိုတာ ကျွန်တော်မပြောတတ်သေးဘူး” ဟု SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီးသီဟရာဇာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အကယ်၍ မိမိတို့ PSLF/TNLA ၏ မိသားစုဝင်များအပေါ် SSPP/SSA အဖွဲ့မှ ထပ်မံ၍ စစ်မှုထမ်းစေခြင်းနှင့် အခွန်ပေးဆောင်စေခြင်းများ တွေ့ရှိပါက PSLF/TNLA မှ မိမိတို့၏ မိသားစုဝင်များဖြစ်သည့် တအာင်းမိဘပြည်သူများကို အကာအကွယ်ပေးခြင်းနှင့် စောင့်ရှောက်ခြင်းများ ပြုလုပ်သွားမည်ဟု ဆိုထားသည်။
ဓာတ်ပုံ – SSPP/SSA