ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်ရှိ ညောင်လေးပင် ရထားဘူတာတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီက ယင်းတို့လုပ်ပြီး PDF များကို ပုံချပုံဖျက်နေကြောင်း ပဲခူး PDF နှင့် ဒေသခံများကပြောသည်။
ညောင်လေးပင်ဘူတာရုံ စင်္ကြန်နှင့် ပလက်ဖောင်းကြားတွင် နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ခရီးသွားပြည်သူများ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ ကျွန်တော်တို့ PDF တွေက နိုင်ငံတကာစစ်သည်တွေရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာကြတယ်။ ကျွန်တော်တို့ ကွပ်ကဲရေးအဖွဲ့တွေကလည်း နိုင်ငံတကာစစ်သည်တော် ကျင့်ဝတ်အတိုင်း ကွပ်ကဲနေကြတယ်။ စကစကတော့ ဒါထုံးစံအတိုင်းပဲ။ ကမ္ဘာလည်း သိပါတယ်။ လက်ရှိအချိန်မှာ PDF တွေကို စိတ်ဓာတ်ခွန်အားခြင်း ဘယ်လိုမှ မယှဉ်နိုင်တော့တဲ့အတွက် နည်းမျိုးစုံနဲ့ ပုံဖျက်ဖို့ ကြိုးစားနေတာပဲ။ ” ဟု ပဲခူး PDF ပြန်ကြာရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အခုလိုမျိုး အများပြည်သူနှင့်သက်ဆိုင်သည့်
ဧရိယာများတွင် ဗုံးခွဲပြီး စစ်ကောင်စီဘက်မှ PDF တွေလုပ်တယ်ဆိုပြီး အမျိုးမျိုးပုံဖျက်နေခြင်းဖြစ်သဖြင့် ထွေထွေထူးထူး ပြောစရာမရှိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း အာဏာသိမ်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်၌ PDF များ ပြုလုပ်သည်ဟု ဖော်ပြထားသည်။
ယင်းဗုံးပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူများအနက် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်များ အင်အားတိုးချဲ့၍ မြို့အဝင်အထွက်၌ စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စကစ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းက စကစက လက်နက်ကိုင်ဆောင်ခွင့် ဥပဒေ ပြဌာန်းလိုက်တော့ ပြည်တွင်း မတည်ငြိမ်မူတွေကြောင့် လက်နက်ကိုင်ဆောင်ခွင့် ပြည်သူတွေ မိမိကိုယ်ကာကွယ်ခွင့် ပေးချင်လို့ဆိုတဲ့ အကြောင်းပြလို့ရအောင် ဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်” ဟု အသက် ၅၉ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပြည်သူများနှင့် သတင်းမီဒီယာများအနေဖြင့် စစ်ကောင်စီ၏ ထောင်ချောက်ထဲ မဝင်မိရန်နှင့် တော်လှန်ရေးအောင်မြင်အောင် ဝိုင်းဝန်းကြိုးစားပေးရန် ပဲခူး PDF က တိုက်တွန်းထားသည်။