ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စာသင်ကျောင်းတွင် တပ်စွဲအထိုင်ချနေသော စစ်ကောင်စီတပ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်းသတင်းရရှိသည်။
ပန်းတိုင်းခြုံကျေးရွာတွင် အင်အား၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်အား နေ့လည် ၂ နာရီ ဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Pakokku Ranger အဖွဲ့ထံမှသိရသည်။
” သူတို့နဲ့ ကျွန်တော်တို့အပြန်အလှန် ပစ်ခတ်တာ နည်းနည်းတော့ ကြာတယ်၊ သူတို့ဘက်က ၃ ဦး ဒဏ်ရာအပြင်းထန်ရတယ်၊ သေတာတော့ မသိရသေးဘူး” ဟု Pakokku Ranger အဖွဲ့ ပြန်ကြားရေး ခေါင်းဆောင် ကိုဟီးရိုးကဧရာဝတီတိုင်းမ်သို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားနေချိန် GTC တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွေ ရောက်လာပြီး ၆၀ မမ ဖြင့် ပစ်ပြီး စစ်ကူရောက်သောကြောင့် ပြန်လည် ဆုတ်ခွာလာခဲ့ရကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
စခန်းသိမ်းဖို့ဆိုပြီး သွားတိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က ရမ်းပစ်မှုကြောင့် ပြည်သူတစ်ဦးဒဏ်ရာ(မစိုးရိမ်ရ)ရသွာားသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးမှာနေကြဖို့အတွက်လည်း တိုက်တွန်းထားသည်။
အဆိုပါတိုက်ခိုက်မှုကိုပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ) များဖြစ်သည့် Pakokku Rangerအဖွဲ့၊ Pakokku people defense force (ppdf)၊ Earthquake people defense force ၊ YoungForce (UG) တို့နှင့်အတူ
YoungForce UG တပ်ခွဲဖြစ်သည့် Thu Rein တပ်ခွဲ (TR)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း Pakoku Rangerအဖွဲ့ထံမှသိရသည်။