ဧရာဝတီတိုင်းမ်
(ကနီ)၊ ဖေဖော်ဝါရီလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းအား ကနီမြို့အထွက်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့
မနက် ၈ နာရီဝန်းကျင်အချိန်တွင် ကျောက်လုံးကြီး KLG တပ်မဟာမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကနီမြို့ပေါ်မှ အရှေ့တောင်ဘက် ၁ မိုင်အကွာရှိ ပျူစောထီးရွာဟု နာမည်ကြီးသည့် အလယ်ကျွန်းရွာသို့ ရိက္ခာပို့လာသည့် အင်အား ၅၀ ဝန်းကျင်ရှိ စစ်သားနှင့်ပျူစောထီး အပါအဝင် လှည်း ၆ စီးအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး လှည်း ၂ စီးပျက်စီးခဲ့‌ကြောင်း KLGတပ်ဖွဲ့ ထံမှ သိရသည်။

“ပျူရွာကိုရိက္ခာသွားပို့တဲ့ ခြေလျင်စစ်ကြောင်းပါ။ တပ်သားနဲ့ပျူ ၅ ဦးနဲ့အထက်သေဆုံးခဲ့တယ်။ တိုက်ပွဲအတွင်းမှာ အဲ့ဒီပျူရွာကရော၊ ကနီမြို့ပေါ်ကပါ လက်နက်ကြီးနဲ့ပစ်ကူပေးတယ်။ နောက်တော့တပ်ကူတွေလာခဲ့ပြီး သေဆုံးခဲ့တဲ့စစ်သားအလောင်းတွေကိုတော့ ကနီမြို့ပေါ်ပြန်သယ်သွားတယ်” ဟု KLGတပ်မဟာ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို‌ ပြောသည်။

တိုက်ပွဲအတွင်း ၁ နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူခဲ့သဖြင့် တပ်ကူများရောက်လာသည့်အတွက် KLGဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ပြီး လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

ကနီတွင် ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း KLG တပ်မဟာနှင့် ပူးပေါင်းအဖွဲ့များမှ စစ်ကောင်စီထောက်ပို့သင်္ဘောတစ်စီးအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂၀ ကျော်ဝန်းကျင်သေဆုံးခဲ့ပြီး သင်္ဘောပေါ်မှာ ဒီဇယ်၊ ဆန်၊ ဆီ၊ ဆား၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ – ကျောက်လုံးကြီး KLG တပ်မဟာ တပ်ဖွဲ့ဝင်အချို့အားမြင်တွေ့ရစဥ်။