ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ရက်
ဧရာဝတီတိုင်းတွင် ယခု တစ်လအတွင်း ဆန်အကြမ်း (ဆင်းသုခ)ဈေးနှုန်းမှာ ၁၅၀၀၀ကျပ် အထိ မြင့်တက်လာ၍ အခြေခံလူတန်းစားအများစု စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း သိရသည်။
ယခင်ဆန် စပါးအသစ် စပေါ်ကာစတွင် ဆင်းသုခ ဆန်ဈေးမှာ ၄၀,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ရက်နေ့မှ စတင်၍ ဈေးတက်လာခဲ့ရာ ယခုတွင် ဆင်းသုခ ဆန်ဈေး(အသစ်)မှာ ၆၀,၀၀၀ ကျပ်ဖြစ်ပြီး ဆန်အဟောင်းမှာ ၆၅,၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားကြောင်း ဒေသခံများထံက သိရသည်။
“ဆန်အသစ် ပေါ်ကစက ၄၀,၀၀၀ ကျော်ပဲရှိတာ။ အခု ဆန်အကြမ်း(ဆင်းသုခ)ဈေးက ၆၀,၀၀၀ ဖြစ်သွားပြီ။ နောက်ဆို ပိုပြီးတက်မယ်လို့ ပြောနေတယ်။ အလုပ် မရှိရတဲ့ ကြားထဲ ဆန်ဈေးက အဲ့ဒီလောက်အထိ တက်နေတော့ ရှေ့ကို ဘယ်လို ဆက်သွား ရမလဲစဉ်းစားနေရတယ်။ ဒီလိုပဲ ဆန်ဈေးက ဆက်ပြီးတက်နေရင် ကျွန်မတို့ အောက်ခြေ ပြည်သူတွေ ဒီမိုးတွင်းဆို ထမင်းငတ်နိုင်တယ်”ဟု ကျုံပျော်မြို့နယ်ရှိ အသက် ၃၀ ဝန်းကျင်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စပါးဈေးနှုန်း မြင့်တက်လာသော်လည်း ရောင်းမည့်သူမရှိခြင်း၊ စပါးများ ရှားပါး လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဆန်ဈေးနှုန်းတက်လာရခြင်း ဖြစ်ကြောင်း ဒေသခံ ဆန်စပါး ကုန်သည်တစ်ဦးထံက သိရသည်။
“ဆင်းသုခစပါး တင်း ၁၀၀ ကို ၁၆သိန်းအထိ ပေးဝယ်နေတာတောင် ရောင်းမယ့် သူမရှိဘူး။ လှောင်တဲ့သူတွေပဲများတယ်။ ထုတ်ရောင်းမယ့်သူကို မရှိတာ။ အခုလို စပါးတွေ ရှားလာတော့ ဆန်ဈေးတက်တာပေါ့” ဟု ဓနုဖြူမြို့နယ်ရှိ ဆန်စပါး ကုန်သည် တစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။
အခြားဆန်များဖြစ်သည့် ရွှေဘို ပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်နှင့် ဧရာဝတီပေါ်ဆန်းမှာ ကျပ် ၈၀,၀၀၀ ကျော် ဈေးဖြစ်နေကြောင်း ဒေသခံများ ထံက သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုများ ဆက်တိုက်ရှိနေသည့်အတွက် ရန်ကုန်မြို့မှ ဆန်တင်ပို့သူ ကုန်သည်ကြီးများသည် ဧရာ၀တီတိုင်းမှ စပါးများကို စပါးပေါ်ချိန် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစတင်၍ အလုံးအရင်းနှင့် ဝယ်ယူလျက်ရှိသည်။
ထိုသို့ ဝယ်ယူခြင်းကြောင့် စပါးစျေးမြင့်တက်ကာ စျေးကောင်း ရခဲ့ပြီး နောက်ဆက် တွဲအဖြစ် ဆက်စပ်၍ ဝယ်လိုအားများသည့် ဆန်စျေးနှုန်းများ မြင့်တက် လာခြင်း ဖြစ်ကြောင်း ဧရာ၀တီတိုင်းရှိ ဆန်စပါးကုန်သည်များက ဆိုသည်။