နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ပုလဲ)၊ ဖေဖော်ဝါရီလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ဖမ်းဆီးတာတွေပြုလုပ်နေ တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ်ကနေ မြိုင်မြို့နယ်ဘက်ကို သွားတဲ့ နယ်စပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က မနက် ၈ နာရီလောက်ကစတင် စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
” ဟိုတစ်နေ့ကအတိုက်ခံထားရတဲ့ စစ်ကြောင်းပဲ၊ ပုလဲမြို့နယ်အစပ်မှာ ညအိပ်စစ်ကြောင်းထိုးနေတာ၊ မြိုင်ဘက်ကိုသွားတဲ့လမ်းတစ်လျှောက်က ကျေးရွာ တွေကို စစ်ကြောင်းထိုးပြီး ဒေသခံတွေကို တွေ့ရင် ဖမ်းနေတာ”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အခါမှာ လူငယ်အမျိုးသားတွေ တွေ့ရင် ဖမ်းဆီးလေ့ရှိပြီး တချို့ကိုလည်း လမ်းပြ လုပ်ခိုင်းတာတွေရှိတယ်လို့ ဆိုပါတယ်။
ဒေသခံအများစုကတော့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းမထိုးခင်က ကြိုတင်သတင်းရလို့ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်တယ်လို့ သိရပါတယ်။