ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်များ အထိုင်ချ တပ်စွဲထားတဲ့နေရာတစ်ချို့ မှာ တပ်များမတွေ့ရတော့ပဲ အင်အားလျော့လာတာတွေ့မြင်ရတယ်လို့ ပုသိမ်မြို့ခံတွေ
ကပြောပါတယ်။
” ခုက ပုသိမ်မြို့မှာ တဂေါင်းဘုရားနဲ့အုတ်စီကုန်းမှာပဲ တပ်ထိုင်တာတွေ့တော့တယ် ကင်းလှည့်တဲ့ကားတွေမှာလည်းအနည်းဆုံး၂ယောက်ပဲ အများဆုံး ၄ ယောက်ပဲတွေ့ရတယ်၊ အများစုကအသက်ကြီးကြီးလူတွေများတယ်၊ ကြားရတာတော့ တိုက်ပွဲဖြစ်နေတဲ့ဘက်တွေကို တပ်ကူတွေပို့ရတယ်လို့ပြောနေတယ်” လို့ အသက် ၄၀ အရွယ် ပုသိမ်မြို့ခံ အမျိုးသမီး တစ်ဦးကဧရာ၀တီတိုင်မ်းကို ပြောပါတယ်။
ပုသိမ်မြို့ဟာ တိုင်းစစ်ကောင်စီ ရုံးစိုက်ရာမြို့ဖြစ်တာကြောင့် စစ်တပ်အင်အားလျှော့သွားပေမယ့် ပုသိမ်ခရိုင်အတွင်းမှာရှိတဲ့ ရဲစခန်းတစ်ခုစီက ရဲတပ်သားတစ်ဦးဆီ ၁၅ ရက်မြို့ကို ခွဲတမ်းချခေါ်ယူကာလုံခြုံရေး တာ၀န်ယူခိုင်းထားတယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။
“အရင်လိုတော့တပ်တွေလိုက်စွဲတာမရှိတော့ဘူး၊ လူကြီးလမ်းကြောင်းရှိတော့မှသာ စိုးရိမ်စရာရှိတဲ့နေရာတွေကို ၂ ယောက် ၃ ယောက်လောက်ပဲ ချပြီးတပ်ဖြန့်ထားတာတွေ့တယ်၊ လက်ရှိကြည့်မယ်ဆိုရင် မြို့ပြမှာ အင်အားချည့်နဲ့လာတယ်လို့သုံးသပ်လို့ရတယ်၊ ဘာဖြစ်လို့လဲဆိုရင် ရေတပ်နဲ့ လေတပ်တွေကိုတစ်ခါတစ်လေ မြကျွန်းသာဂိတ်တွေကမ်းနားဘက်ကဂိတ်တွေမှာထုတ်သုံးလာတာတွေ့ရတယ် “လို့ ပုသိမ်မြို့ပြပျောက်ကြားအဖွဲ့တာ၀န်ခံ ကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်းမ်းကိုပြောပါတယ်။
ပုသိမ်မြို့အခြေစိုက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်တစ်ခုဖြစ်တဲ့ ခလရ(၁၁)မှာလည်း တပ်အစောင့်လောက်သာ ရှိကာအင်အားနည်းနေပြီး စစ်ကောင်စီဘက်က အရေးကြီးပုဂ္ဂိုလ်လမ်းကြောင်း လုံခြုံရေးနဲ့ပုသိမ်မြို့မှာတော်လှန်ရေးအဖွဲ့များလှုပ်ရှားမှုသတင်းထွက်ပေါ်လာပါက မြောင်းမြမြို့ဘက်က စစ်ကောင်စီတပ်တွေကိုခေါ်ယူအသုံးပြုနေတာတွေ့ရတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားအများအပြားနဲ့ ရပ်ကွက်တွေက ဘုရား၊ဓမ္မာရုံနဲ့ စာသင်ကျောင်း၊တွေမှာ တစ်နှစ်ကျော်ကြာအောင်တပ်စွဲထားခဲ့ပြီး ညအချိန်ဧည့်စာရင်းစစ်ခြင်း၊ လမ်းပေါ်မှာကင်းပုန်း၀ပ်ခြင်း၊ ဘယ်ရီဂိတ်များချကာ သွားလာနေသူတွေကို ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ လူငယ်တွေကို PDF လို့စွပ်စွဲပြီးရိုက်နှက်ဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့ ပုသိမ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။