ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဖေဖော်ဝါရီ ၁၄ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Chin National Organization/Chin National Defence Force(CNO/CNDF)ထံသို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို သိန်း ၁၀၀ ဆုချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်ကို ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ကြောင်း CNO/CNDFက ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဖလမ်းမြို့နယ် အခြေစိုက် ခလရ(၂၆၈)တပ်မှ တပ်သားကောင်းမိုး(ကိုယ်ပိုင်အမှတ် တတ-၁၂၈၃၂၄)သည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်လိုခြင်း မရှိသောကြောင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

CNO/CNDF သည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို အသက်မွေးဝမ်း ကျောင်းအတွက် ယခင်က ငွေကျပ်သိန်း ၅၀ သာ ဆုချီးမြှင့်ခဲ့သော်လည်း လက်ရှိတွင် ယခင်ဆုကြေးငွေထက် နှစ်ဆ တိုးမြှင့်ကာ ဆုကြေးငွေကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

#ချင်းပြည်နယ် #ဖလမ်းမြို့နယ် #စစ်ကောင်စီတပ်သား #လက်နက်အပြည့်အစုံ #အလင်းဝင် #သိန်း၁၀၀ #CNO/CNDF #Ayeyarwaddy_Times