ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်

စစ်ကောင်စီက အာဏာသက်တမ်း ၆ လ တိုးမြှင့်ကြေညာပြီးနောက် ချင်း ပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဆေးမှုများပိုတင်းကျပ်၍ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စာထုတ်ပြန်ထားကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ယခင်က ရုပ်ဝစစ်ဆေးရေးဂိတ်၊ ခမရ (၂၈၉) ဂိတ်နှင့် (၂၈၉) လက်အောက်ခံတပ်မ (၅၅) ဂိတ်၊ သာယာဝဂိတ်နှင့် ရိက္ခာဂိတ်တို့သာရှိခဲ့သော်လည်း ယခုအခါတွင် စစ်ကောင်စီတပ်သားများက ပလက်၀မြို့ပေါ်တွင်ပင် လုံခြုံရေးချ၍ အိမ်ထောင်စုစာရင်း စစ်ဆေးမှုများ ပြုလုပ်လာနေကြောင်း သိရသည်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ပလက်ဝမြို့နယ်မပါသော်လည်း ယခုကဲ့သို့စစ်ဆေးမှုများ ပြုလုပ်နေခြင်းမှာ အထိတ်အလန့်ဖြစ်စေသည်ဟုဒေသခံများက ဆိုသည်။

“တခြားဂိတ်တွေကတော့ အသွားအလာတွေကိုစစ်ဆေးတာပါ။ ဂိတ်ကိုဖြတ်ရင် စစ်ဆေးခံရတာကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့အခု သူတို့(စစ်ကောင်စီတပ်သား)တွေက မြို့ထဲကိုဝင်ပြီး မထင်ရင် မထင်သလို အိမ်တွေကို ဝင်စစ်ဆေးလာတယ်။ ည ၁ နာရီ ၂ နာရီလည်း စစ်ချင်ရင် ဝင်စစ်တာမျိုး လုပ်တာဆိုတော့ ဒေသခံတွေလည်း စိုးရိမ်နေရတာပေါ့။ သူတို့ဖမ်းချင်ရင်အကြောင်းပြချက် အမျိုးမျိုးပေးပြီးဖမ်းသွားမှာကိုပဲ ကြောက်နေရတယ်။ ပြီးတော့ ပလက်ဝက စစ်အုပ်ချုပ်ရေးကြေညာပြီး မာရှယ်လော ထုတ်ထားတာလည်းမရှိဘဲ အခုလိုစစ်ဆေးနေတော့ ပြည်သူတွေအလန့်တကြား ဖြစ်ရတာပေါ့” အသက် ၄၀ကျော်အရွယ် ပလက်ဝဒေသခံ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များသည် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံ စက်လှေသမားများအား တင်းကျပ်စွာ စစ်ဆေးလျက်ရှိပြီး စက်လှေတစ်စီးလျှင် ကျပ်ငွေ ၁သိန်း မှ ၂သိန်း ကျပ်အထိ တိုးမြှင့်တောင်းခံနေကြောင်း စုံစမ်း သိရှိရသည်။

“စက်လှေနဲ့ကုန်ပစ္စည်းသွားယူမယ်ဆိုရင် တစ်သိန်း ကနေ နှစ်သိန်းအထိပေးရတယ်။ အဲဒီစက်လှေတစ်စီးလုံးက ဝန်တွေကိုပြန်ရောင်းရင်တောင် အဲ့ဒီလောက် အမြတ် မထွက်ဘူးလေ။ ဒါကြောင့်စက်လှေသမားတွေ အခက်အခဲဖြစ်နေကြရတယ်။ မပေးရင် လည်းသွားလို့မရဘူး။ မသွားရင်လည်းဝမ်းရေးက ရှိသေးတယ်” ဟု ပလက်၀ဒေသခံက ပြောသည်။

ထို့အပြင် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များအား မိမိနေရပ်သို့ပြန်ကြရန် ပြည်နယ်မှတဆင့် စာထုတ်ပြန်ထားပြီး အဆိုပါထုတ်ပြန်စာကို မြို့နယ်ထွေအုပ်ရုံးမှ တဆင့် စစ်ဘေးရှောင်စခန်းများသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လာရောက် ပေးခဲ့ကြောင်းစစ်ဘေးရှောင်များထံက သိရသည်။

“သူတို့ကတော့ ပေးတော့ပေးသွားတာပဲ။ ဘယ်နေ့နောက်ဆုံးထားပြီးပြန်ရမယ်လို့တော့ စာမှာမပါလာဘူး။ နေရပ်ပြန်ချင်တဲ့သူပြန်၊ ကိုယ့်ဘာသာကိုယ် အိမ်ခြံတွေဝယ်ပြီး နေမယ့်သူနေဆိုတဲ့သဘောပါတယ်။ ကျွန်တော်တို့ကတော့ ပြန်ဖို့ကိစ္စက အတွက် စဉ်းစားထားတာမရှိသေးဘူး။ စစ်ကောင်စီဖက်ကလည်း မိုင်းရှင်းလင်းပေးဖို့နဲ့ ကူညီထောက်ပံ့ပေးမဲ့ကိစ္စတွေ ဘာမှမပြောသေးဘူး။ ဒါကြောင့် ပြန်မယ် မပြန်ဘူးဆိုတာ တခြားသူတွေနဲ့တိုင်ပင်ရဦးမယ်။ ဒီတိုင်းပြန်သွားဖို့က အခက်ခဲတွေရော၊ စိုးရိမ်စရာ တွေရော ရှိတယ်” ဟု စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကပြောသည်။

ပလက်ဝမြို့ပေါ်တွင် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်း၊ စိုက်ပျိုးရေးစစ်ဘေးရှောင် စခန်း၊ ဝိသုဒါရုံစစ်ဘေးရှောင်စခန်း၊ အ.ထက.ကျောင်းစစ်ဘေးရှောင် စခန်းနှင့် အာဆီကျောင်း စစ်ဘေးရှောင်စခန်းဟူ၍ စစ်ရှောင်စခန်းငါးခုရှိပြီး စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃၇၀၉ ဦးရှိကြောင်း သိရသည်။