ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် ပုဂ္ဂလိက ချေးငွေများက အမျိုးသမီးအများစုကို သင်ဖျာလုပ်ကိုင်ရန်အတွက် ချေးငွေများ ထုတ်ချေးပေးထားသော်လည်း သင်ဖျာဈေး များ ကျဆင်းကာ အရှုံးပေါ်နေသော်လည်း ချေးငွေများကို ပြန်လည်ဆပ်ချိန်အတိုင်း တောင်းခံနေကြောင်းသိရသည်။
ပုဂ္ဂလိက ချေးငွေအများစုသည် အမျိုးသမီးအများစုကို ၅သိန်းမှ ၁၀သိန်းအထက်အထိ ထုတ်ချေးပေးသော်လည်း ငွေထုတ်ချေးသူအများစုမှာ သင်ဖျာဈေးများ ကျဆင်းကာ အဝယ်ဒိုင်ပိတ်ပြီး အရှူံးပေါ်နေကြောင်း ဒေသခံများထံက သိရသည်။
“ကျွန်မတို့ကို ငွေထုတ်ချေးကတည်းက ဘာအလုပ်လုပ်ဖို့ ငွေထုတ်ချေးတာလဲ မေးတယ်။ ပုံမှန်က သင်ဖျာဈေးဆိုရင် လုပ်ငန်းကအဆင်ပြေတော့ ပြန်ဆပ်ရတာ လွယ်တယ်လေ။ အခုက သင်မ(ကုန်ကြမ်း)ဈေးက မကျဘူး။ သင်ဖျာဈေးက မတရားထိုးကျပြီး အဝယ်ဒိုင်အချို့က ပိတ်ထားတယ်။ ဝယ်နေတဲ့ဒိုင်ကျတော့ ဈေးကို အရမ်းနှိမ်ဝယ်ကြတယ်။ ဒါကြောင့် အရှူံးပေါ်နေတယ်။ ချေးငွေတွေက သတ်မှတ်ရက်အတိုင်း ပြန်လည် တောင်းနေတော့ ကျွန်မတို့က သင်ဖျာကို ရတဲ့ဈေးနဲ့ရောင်းနေရတာ။ သူတို့ ချေးငွေထုတ်ပေးတဲ့ ကုမ္ပဏီတွေဘက်က သင်ဖျာ လုပ်ဖို့ ထုတ်ချေးပေးတယ်ဆိုတာ သူတို့သိနေတာပဲ။ အခုလို ဈေးထိုးကျတဲ့အခါ နည်းနည်းစောင့်ဆိုင်းပေးဖို့တော့ ကောင်းတာပေါ့” ဟု ပန်းတနော်မြို့နယ် သင်ဖျာ လုပ်ငန်းလုပ်ကိုင်သော အသက်၃၀အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုဂ္ဂလိက ချေးငွေအများစုသည် အမျိုးသမီး အများစုကို သင်ဖျာလုပ်ငန်းနှင့် အခြားလုပ်ငန်း လုပ်ကိုင်ရန် ထုတ်ချေးပေးနေကြပြီး ၇ရက်၊ ၁၄ရက်၊ ၁လ အစရှိသည် ချေးငွေ ပမာဏပေါ်မူတည်၍ ပြန်လည် တောင်းယူမှုများ ရှိကြောင်း ချေးငွေထုတ်ချေးသော ဝန်ထမ်းများထံက သိရသည်။
“ကျွန်တော်တို့က စထုတ်ပေးကတည်းက သင်ဖျာနဲ့ အခြားလုပ်ငန်း လုပ်ရန် ထုတ်ချေးပေးတာပါ။ ပြန်လည်ပေးဆပ်တဲ့အခါမှာလဲ ပမာဏအတိုင်း ပြန်လည် ပေးဆပ်ဖို့ တာဝန်ယူနိုင်မှထုတ်ချေးပေးတာပါ။ အဖွဲ့အနေနဲ့ ထုတ်ချေးပေးတာ များတဲ့တွက် တစ်ယောက်ထုတ်ပေးရင် အခြားသူတွေ တာဝန်ယူမှ ထုတ်ချေးပေးတာပါ။ ဒါကြောင့် တစ်ယောက်က ပျက်ကွက်ရင် အခြားသူတွေက တာဝန်ယူပေးကြရမယ်လို့ ပြောပြီးသားပါ။ အခုလို သင်ဖျာတွေ ဈေးကျတာက ကျွန်တော်တို့နဲ့မဆိုင်ဘူ။ ကျွန်တော်တို့ထုတ်ချေးကတည်းက ကြိုပြောထားပြီးသားပါ” ဟု ပန်းတနော်မြို့ရှိ Pact ချေးငွေ လုပ်ငန်း၏ ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပန်းတနော်မြို့တွင် ပုဂ္ဂလိက ချေးငွေထုတ်ပေးသည့် အဖွဲ့အစည်း ၇ ခုခန့်ရှိကာ အများစုသည် သင်ဖျာလုပ်ငန်း လုပ်ကိုင်ရန် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။