ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ လေ့ကျင့်ရေးကွင်းကို PDF ပူးပေါင်းအဖွဲ့များမှ ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီလေ့ကျင့်ရေးကွင်း(အရှေ့တပ်)တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့်ရှိပြီး PDFအဖွဲ့များက ၈၀ မမ ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း LPDFအဖွဲ့ထံမှ သိရသည်။
“သူတို့ဘက်က စက်ကလေးတွေ၊ ၁၂၀ မမ ၆၀မမတွေ၊လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာ။ ကျတော်တို့အဖွဲ့နဲ့နှာရီဝက်နီးပါး အပြန်အလှန် ပစ်ခတ်ကြတယ်ဗျ။ ကျတော်တို့ဘက်က ရဲဘော်တစ်ဦးကတော့ ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ပေမယ့် အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ။ ကျတော်တို့က ပြောင်းနဲ့၅လုံးပစ်ခက်တာ သူတို့ဘက်က ၉ ဦးသေဆုံးသွားပြီး အများပြားဒဏ်ရာရတယ်လို့သိရတယ်” ဟု Danger Force LPDF အဖွဲ့ခေါင်းဆောင် ကိုမာန်ဟုန်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် Danger Force LPDF အပါအဝင် ကြယ်နီတပ်ဦး၊ ပင်လယ်ပျော်သိမ်းငှက်(SF2)၊ People’s Revolution Force (PRF)၊ တမန်တော်ပျောက်ကြာတပ်ဖွဲ့(APOSTLE)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း LPDF အဖွဲ့ထံမှသိရသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် နီးကပ်စွာ မနေထိုင်ကြရန်၊ နောက်ထပ်မစ်ရှင်များ အောင်မြင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြရန် Danger Force LPDF အဖွဲ့ခေါင်းဆောင် ကိုမာန်ဟုန်က အသိပေးပြောဆိုထားသည်။