ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ ရှေ့တန်းထွက်နေရတဲ့ အမှတ် ၄၀၃ ခြေမြန်တပ်ရင်း (မခရ – ၄၀၃) ယာယီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး/ဗိုလ်မှူးအပါအဝင် ဗိုလ်မှူး ၃ ဦးဟာ စစ်တိုက်ဖို့ ငြင်းဆန်ပြီး တပ်တွင်းပုန်ကန်မှု ပြုလုပ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးထိမ်းသိမ်းကာ စစ်ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း သတင်းရရှိပါတယ်။

ခမရ – ၄၀၃ တပ်ဟာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ရှေ့တန်းထွက်နေရတဲ့တပ်တစ်ခုဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ဖို့ တပ်မမှူးက အမိန့်ပေးတာကို ငြင်းဆန်ခဲ့တဲ့အတွက် ယာယီ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူးစတဲ့ တပ်ရဲ့ထိပ်တန်းအရာရှိ ၃ ဦးကို မော်လမြိုင် မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) မှာ အခုလဒုတိယအပတ်အတွင်းကစတင်ပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

စစ်ခေါင်းဆောင်တွေရဲ့အမိန့်ကို ဖီဆန်ပြီး တပ်တွင်းပုန်ကန်မှုပြုလုပ်ခဲ့သူများမှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့အခြေစိုက် ခမရ – ၄၀၃ တပ်ရင်းမှ ယာယီတပ်ရင်းမှူး စစ်တက္ကသိုလ် (DSA အမှတ်စဉ် ၄၆ ဆင်း) ဒု-ဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဒု-တပ်ရင်းမှူး (DSA အမှတ်စဉ် ၄၇ ဆင်း) ဗိုလ်မှူး သန်းနိုင်အေး၊ တပ်ခွဲမှူး (DSA အမှတ်စဉ် ၄၈ ဆင်း) ဗိုလ်မှူး နိုင်နိုင်ဇော်တို့ဖြစ်တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ခမရ – ၄၀၃ က တပ်စွဲထားတဲ့စခန်းကျသွားလို့ ပြန်တိုက်ဖို့ တပ်မမှူးက အမိန့်ပေးတာကို ယာယီတပ်ရင်းမှူးရယ်၊ ဒုရင်းမှူးရယ်၊ တပ်ခွဲမှူး ဗိုလ်မှူးရယ် ၃ ယောက်စလုံးက မတိုက်နိုင်ဘူးဆိုပြီး တပ်မမှူးအမိန့်ကို ငြင်းလို့ အချုပ် ထဲထည့်ထားပြီး စစ်ခုံရုံးနဲ့စစ်ခံနေရတာ။ စကခ ၈ ထားဝယ် တပ်မကိုတောင်ပြန်မပို့ဘူး။ ရတခထဲက တပ်ရင်းတွေမှာ ချုပ်ထားပြီး အမှုစစ်နေတာလို့ သိရတယ်”လို့ သရက်ချောင်း ခမရ ၄၀၃ တပ်ရင်းနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီ ခမရ – ၄၀၃ တပ်နဲ့ စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ မဲသလောက်စစ်အခြေ စိုက်စခန်းမှာ စစ်ဆင်ရေးဝင်ရောက်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက မဲသ လောက်စစ်စခန်းကို ကရင့်ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအများအပြားနဲ့ မဲသလောက်စစ်စခန်းကို စွန့်ခွာထွက်ပြေး ခဲ့ကြပါတယ်။

အဲ့ဒီလို စခန်းလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက် အင်အားပြန်လည်စုဖွဲ့ပြီး ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းမှာ မဲသလောက်စစ်စခန်းကို ပြန်လည်တိုက်ယူဖို့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၈) တပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးတဲ့အပေါ် ခမရ – ၄၀၃ တပ်ရင်းမှူးအပါအဝင် ထိပ်တန်းအရာရှိ ၃ ဦးက တိုက်ခိုက်ဖို့ငြင်းဆန်ခဲ့တာကြောင့် အခုလို ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ အရေးယူခဲ့တာဖြစ်ကြောင်း သိရပါတယ်

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ဖာပွန်ခရိုင်အတွင်း ရှေ့တန်းထွက်နေတဲ့ စကခ – ၈ လက်အောက်ခံ အမှတ် ၄၀၅ ခြေမြန်တပ်ရင်း (ခမရ – ၄၀၅) ကို စစ်ကောင်စီခြေကုပ်စခန်းဖြစ်တဲ့ မဲဝိုင်စခန်းကို သွားရောက်ဖို့ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးခဲ့ပါတယ်။

အဆိုပါအမိန့်ကို ခမရ – ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူးတိုးမြှင့်ခံရမည့် ဗိုလ်ကြီး ကြည်သာဖြိုးတို့က မလိုက်နာဘဲ အာဏာဖီဆန် ငြင်းဆိုခဲ့ကြတဲ့အတွက် အဆိုပါတပ် ထိပ်တန်းအရာရှိ ၃ ဦးကို စစ်ကောင်စီက နောက်တန်းပြန်ခေါ်ကာ စစ်ခုံရုံးဖွဲ့ အရေးယူမှု ပြုုလုပ်ခဲ့ပါတယ်။

ဒါကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် စကခ – ၈ ကွပ်ကဲမှု လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ – ၄၀၃ နဲ့ ၄၀၅ တပ်တွေမှာ ၂ လအတွင်း တပ်တွင်းပုန်ကန်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကာ တပ်ဦးဆောင်သူ ထိပ်တန်း စစ်ဘက်အရာရှိ ၆ ဦးဟာလည်း စစ်ခေါင်းဆောင်တွေပေးတဲ့အမိန့်ကို ဖီဆန်တဲ့အတွက် အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

ယခုလက်ရှိ တပ်တွင်းပုန်ကန်မှုဖြစ်ခဲ့တဲ့ ခမရ – ၄၀၃ တပ်ရင်းနဲ့ ဒီဇင်ဘာလက တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့တဲ့ ခမရ – ၄၀၅ တပ်တွေဟာ ကရင်ပြည်နယ်အတွင်း ရှေ့တန်းထွက်ပြီး စစ်ဆင်ရေး ဝင်ရောက်နေရတာဟာ ၃ နှစ်နီးပါးကြာမြင့်ပြီ ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစပြီး KNLA၊ KNDO၊ ကော်သူးလေတပ်မတော်အစရှိတဲ့ ကရင့်တော်လှန်ရေးတပ်များ၊ PDF တပ်စစ်ကြောင်းများနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု များပြားနေသလို တော်လှန်ရေးအင်အားစု တွေဘက် ဘက်ပြောင်း ပူးပေါင်းခိုလှုံမှု အများအပြားဖြစ်ပွားနေတယ်လို့ ကရင်ပြည်နယ်က စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ဆင်ရေးရှောင်လွှဲမှုဟာ စစ်ကောင်စီတပ်အတွင်း ကြီးလေးတဲ့စစ်ဘက်အမှုဖြစ်ပြီး အဲ့ဒီ စစ်ကောင်စီတပ် အရာရှိတွေအနေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချ မှတ်ခံရနိုင်တယ်လို့ CDM တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

”စစ်ဆင်ရေးရှောင်လွှဲဲမှုက သူတို့ကို စစ်တဲ့စစ်တရားရုံးပေါ်မူတည်ပြီး ထောင်ဒဏ် ၁၄ နှစ်ကနေ နှစ် ၂၀ လောက်အထိ ကျနိုင်တယ်။ ဒါပေမယ့် အဲ့ဒီစခန်းကို စစ်ခေါင်းဆောင်တွေက သူတို့ကိုအသေခံပြီး ပြန်တိုက်ခိုင်းတဲ့ပုံစံမျိုးဆိုတော့ အသက်တော့ အသေမခံဘူး၊ ထောင်ကျဘဲခံမယ်ဆိုပြီး ငြင်းတဲ့သဘောပဲ။ စစ်ဗိုလ်ချုပ်တွေဘက်ကလည်း ဒီလိုအမိန့်မနာခံတာကို တခြားသူတွေ လိုက်မလုပ်ရဲအောင်ဆိုပြီး အပြင်းထန်ဆုံး စီရင်ဖို့ရှိလောက်တယ် ”လို့ CDMတပ်မတော်သားအရာရှိ Captain Seagull က ပြောပါတယ်။