ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဖေဖော်ဝါရီ ၁၃ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှနေ၍ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ် ဆင်လာသည့် စစ်ကောင်စီတပ်ကို CDF-Paletwa က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဝါတိန်-ဟီဝ ကြား၌ ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း CDF-Paletwa က ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထို့ပြင် ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပလက်ဝမြို့နယ်၊ စိုးနီကနောင်ကျေးရွာအနီးတွင် ယာယီတပ်ချထားသည့် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ကို CDF-Paletwa နှင့် CDF-Maraပူးပေါင်းတပ်ဖွဲ့က ထပ်မံ၍ ချုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ချုံခိုတိုက်ခိုက်ခြင်းကြောင့် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက် ကိုမူ အတည်မပြုနိုင်ခြင်း မရှိကြောင်းနှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။