ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီလ ၁၃ ရက်

ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ၁၀ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၄၅ ဦးထက်မနည်းသေဆုံးပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦးကျဆုံးသွားကြောင်း ယနေ့တွင် ချင်းအမျိုးသားတပ်ဦးCNFက သတင်းထုတ်ပြန်ထားသည်။

CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် CNA ၏ တပ်မဟာ (၁)နယ်မြေအတွင်းရှိ မတူပီမြို့နှင့် ဇိုတုန်ဒေသတို့တွင် အင်အား ၁၃၀-၁၅၀ ခန့်ဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ၆ ရက်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

CNA ၏ တပ်မဟာ ၃ နယ်မြေအတွင်းရှိ ထန်တလန်မြို့တွင် CNA နှင့် CDF-Thangtlangတို့က CBဘဏ်တွင် တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ဖေဖော်ဝါရီ ၁ ရက်နေ့က လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကိုလည်း ဖေဖော်ဝါရီ ၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CNA ၏ တပ်မဟာ ၄ နယ်မြေဖြစ်သော လိုင်တွီးကျေးရွာအနီးတွင် ရိက္ခာသယ်ယူနေသော CNA နှင့် CDF-Hualngoramရဲဘော်များကို စစ်ကောင်စီလက်ပါးစေ ZRA က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ချုံခိုတိုက်ခိုက်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ZRAဘက်က ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီဘက်က ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ်များအသုံးပြုကာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၂ ရက်အတွင်းတွင် ၁၀ ကြိမ်ထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးမြို့၊ ဗျူးဟာကုန်းမှ ထန်တလန်မြို့ဘက်သို့ လက်နက်ကြီးများနေ့စဉ်ပစ်ခတ်နေကြောင်းသိရသည်။

အဆိုပါ ၁၀ ရက်တာတိုက်ပွဲတွင် CNA ရဲဘော် ၃ ဦးတိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ပြီး ၂ ဦးဒဏ်ရာရရှိကာ စစ်ကောင်စီတပ်၏ လက်နက် ၅၀ ကျော်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့ ကြောင်းထုတ်ပြန်ချက်အရသိရသည်။
#CNA #ချင်းကာကွယ်ရေးတပ် #၁၀ရက်တာ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး
#Ayeyarwaddy_Times