ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်
စစ်ကောင်စီက အာဏာသိမ်းခြင်းကြောင့် အရှိန်ရစပြုနေသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကံမကောင်း၊ အကြောင်းမလှစွာဖြင့် ရပ်ဆိုင်းသွားခဲ့ရကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ဦးဆောင်ကော်မတီ (PPST-LC)က ထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့အတွက် PPST-LC မှ ပေးပို့ခဲ့သော သဝဏ်လွာတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလ၊ နိုင်ငံရေးပြသနာကိုနိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေး ယဉ်ကျေးမှု ပျိုးထောင်ဆဲကာလတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၌ စစ်ကောင်စီက အာဏာသိမ်းလိုက်သောကြောင့် အရှိန်ရစပြုနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများလည်း ကံမကောင်း၊ အကြောင်းမလှစွာဖြင့် ရပ်ဆိုင်းသွားခဲ့ရသည်ဟု ဖော်ပြထားသည်။
“ကျွန်တော်တို့ ဒီလိုမျိုး ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်း အောက်မှာတော့ အစုအဖွဲ့ကြားထဲမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းကြားထဲမှာပဲဖြစ်ဖြစ် ယုတ်စွအဆုံး ကိုယ့်တစ်ဖွဲ့ချင်းစီ ကြားထဲမှာတောင် တစ်ခါတလေ အမြင်မတူတို့ သဘောထား မတိုက်ဆိုင်တာတို့ ရှိပါတယ်။ ဒါတွေကလည်း ပကတိအရှိတရား ဖြစ်တာကြောင့် လက်ခံပေးနိုင်အောင် ကြိုးပမ်းပေးခြင်းကသာလျှင် အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် နိုင်ငံတကာမှ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုများ အပါအဝင် အထွေထွေအကြပ်အတည်းများ ဖြစ်ပွါးခဲ့ပြီး ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ် ပုံသဏ္ဍာန်အသစ်ဆီသို့ ဦးတည်နေကာ တိုင်းပြည်သည် အချိန်ရှည်ကြာနိုင်သော နိုင်ငံရေးအကျပ် အတည်း ဝဲဂယက်အတွင်းသို့ သက်ဆင်း လျက်ရှိကြောင်း PPST ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
“PPST အနေနဲ့ကတော့ ကျွန်တော်တို့ ပြောပြောနေတဲ့ အခက်အခဲ အကျပ်အတည်း စိန်ခေါ်မှုတွေအားလုံးကို ဒါတွေဟာ နိုင်ငံရေးပြသနာ အရင်းခံပေါ်ပေါက်လာတဲ့ ကိစ္စရပ်တွေဖြစ်တယ်။ဒါကြောင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာနိုင်တဲ့ သက်ဆိုင်သူများအားလုံး ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းကသာနေ ပြည်ထောင်စုအတွက်ရော၊ နိုင်ငံသူနိုင်ငံသားအတွက်ရော ထိခိုက်နစ်နာမှုအနည်းဆုံး လမ်းကြောင်းတစ်ခုကို ရွေးချယ်နိုင်မယ်လို့ ယူဆထားတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
PPST အနေဖြင့် NCA ၏ အနှစ်သာရ သုံးချက်ဖြစ်သည့် နိုင်ငံရေးပြသနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်သည့် အဓိပ္ပာယ် ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေးတို့ကို မယိမ်းမယိုင် ဆက်လက်ကိုင်ဆွဲပြီး လက်ရှိတိုင်းပြည် အကျပ်အတည်းကို ဖြေရှင်း နိုင်ရေးအတွက် မဆုတ်မနစ် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းဆိုထားသည်။