ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ထောင်၀င်စာပေးပို့ခွင့်ကို ဇန်နဝါရီလ ၆ ရက်နေ့က စတင်ပြီး ရက်အကန့်သတ်မရှိ ပိတ်သိမ်းခဲ့ပြီး​နောက်ပိုင်းမှာ ထောင်၀န်ထမ်းတွေက နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုများကို ဖုန်းဆက်ပြီး လိမ်လည်ငွေကြေးတောင်းယူမှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားများနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ကျွန်မသားက အရေးကြီးဆက်ခိုင်းတာလို့ပြောတယ်။ ညဘက်ကြီးဖုန်းလာတာ။ ဆက်တဲ့လူက သူကထောင်မှာ တပ်ကြပ်ကြီးအဆင့်တဲ့။ အမှုကြီးတဲ့လူတွေပုသိမ်ထောင်မှာမထားတော့ဘူးထောင်ပြောင်းပါတယ်ဆိုပြီး ၁၀သိန်းပေးရင်မပြောင်းရဘူးပြောတယ်။ ထောင်၀င်စာကလဲ မတွေ့ရတော့ တကယ်ဟုတ်မဟုတ်လဲမသိ။ ကိုယ်ကလဲ ၁၀ သိန်းမရှိတော့ လူကြီးနဲ့ညှိပေးမယ်ပြောတယ်။ ဒီတစ်လအတွင်းရှာပေးရမယ်လို့ပြောတယ်”လို့ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ ပုသိမ်မြို့က နိုင်ငံအကျဥ်းသားတစ်ဦးရဲ့ မိခင်ကဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

ခုလိုထောင်၀င်စာပိတ်ထားတဲ့ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ ဒုတိယပတ်အထိ ပုသိမ်မြို့က နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုတွေရဲ့ဖုန်းနံပါတ်တွေကို ထောင်အတွင်းက ဆက်ခိုင်းတယ်ဆိုပြီး ကျန်းမာရေးကိစ္စ၊ အလုပ်ကောင်းနေရာရရှိရေး စတဲ့ခေါင်းစဥ်တွေနဲ့ ဖုန်းဆက်ပြီး အများဆုံး ၁၀ သိန်းကနေ အနည်းဆုံး ၃ သိန်းထိငွေတောင်းယူမှုတွေပြုလုပ်နေတာလို့ သိရပါတယ်။

“ကျွန်တော့်ကိုကျတော့ သူကထောင်မှူးလေးဆိုပြီးဆက်တာ။ ကျွန်တော့်သားလေးကို ပင်ပင်ပန်းပန်းအလုပ်ချထားတဲ့နေရာကနေ သူ့ရုံးခန်းမှာ သန့်ရှင်းရေးနေရာပေးဖို့ ၃သိန်းတောင်းလို့လွှဲပေးလိုက်ရတယ်”လို့ ပုဒ်မ၅၂(က)နဲ့
ထောင်ဒဏ်၅နှစ်ကျခံနေရသူတစ်ဦးရဲ့ဖခင်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်ထောင်က ထောင်၀င်စာဌာနမှာထောင်၀င်စာလာပို့တဲ့ မိသားစု၀င်တွေရဲ့ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေပေးထားခဲ့ရပြီး ထောင်ကျနေသူများဘက်ကလည်း ရင်းနှိီးတဲ့ ထောင်၀န်ထမ်းအချို့ကို မိသားစုဖုန်းနံပါတ်ကိုဆက်ခိုင်းပြီးအကူညီတောင်းခိုင်းတာမျိုးတွေရှိခဲ့တာကြောင့်ဖုန်းနံပါတ်တွေကိုမှတ်ထားပြီး ၀န်ထမ်းတစ်ချို့က အကြောင်းပြငွေတောင်းတာဖြစ်နိုင်တယ်လို့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြှောက်လာတဲ့ အသက်၅၀အရွယ်နိုင်ငံရေးအကျဥ်းသားတစ်ဦးကပြောပါတယ်။

၂၀၂၂ခုနှစ် ဇွန်လ ၂၇ရက်နေ့မှာ ပုသိမ်မြို့က ၅၀၅ကနဲ့ ထောင်ကျနေတဲ့နိုင်ငံရေးအကျဥ်းသား ၆ဦးရဲ့မိသားစုတွေကို ပုသိမ်ထောင်က ၀န်ထမ်းတစ်ဦးလို့ပြောပြီး Mytel (09693705015)နဲ့ ဆက်သွယ်ကာထောင်ကျနေသူများရဲ့ကျန်းမာရေးအခြေနေစိုးရိမ်ရတာကြောင့် ဆေးကုသဖို့အရေးပေါ်ငွေတစ်ဦးဆီကို Wave Moneyနဲ့ ငွေ ၆သောင်းလွှဲပေးခိုင်းပြီး လိမ်လည်မှုဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ပုသိမ်ထောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့က နိုင်ငံရေးအကျဥ်းသား ၈ ဦးကို တညလုံးခေါ်ယူ နှိပ်စက်ခဲ့ပြီး တစ်ဦးပျောက်ဆုံးနေရာကနေ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ပြီးအခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ကာ နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း ထောင်အာဏာပိုင်များကပုဒ်မ- ၄၂ နဲ့ စစ်ဆေးအရေးယူမှုများ ပြုလုပ်ခါ ထောင်၀င်စာပေးပို့ခွင့်ကိုပိတ်သိမ်းလိုက်တာလို့ အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရပါတယ်။