ဧရာဝတီတိုင်းမ်
(မွန်)၊ ဖေဖော်ဝါရီလ ၁၃ ရက်
မွန်ပြည်နယ် ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်များတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အခြားသော သံဃာ ၄ ပါး ဒဏ်ရာရမှု ဖြစ်ပွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက် နှင့် ၁၁ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည့် အတွက် ဘုန်းကြီးကျောင်းဝင်း အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ကိုရင် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အခြားသော ကိုရင် ၁ ပါး နဲ့ သံဃာ ၃ ပါး ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သထုံမြို့နယ် ဝင်းပကျေးရွာရှိ ခမရ (၉) တပ်မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် မိကျောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ၁၂၀ မမ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းရှိ သိမ် ပျက်စီးကာ ကိုရင် ၁ ပါးနှင့် ဦးပဉ္စင်း ၂ ပါး ထိခိုက် ဒဏ်ရာ ရခဲ့သည်ဟုလည်း ဆိုသည်။
ဒီဘက်မှာက တိုက်ပွဲမဖြစ်လဲ လက်နက်ကြီးနဲ့ ရမ်းပစ်တာ၊ ဒီဘက်မှာက စစ်ကောင်စီက အဲ့ဒီလိုပဲ အမြဲတမ်း လက်နက်ကြီးနဲ့ ရွာထဲတွေကို ပစ်တယ်။ လက်နက်ကြီး ၃ လုံး ဘုန်းကြီးကျောင်းဝင်းထဲ ကျတာ။ ဦးပဉ္ဖင်း ၂ ပါးနဲ့ ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်ဟု အသက် ၃၀ ဝန်းကျင်ရှိ သထုံဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ရေးမြို့နယ်တွင်လည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် စုစည်းမြိုင်ရွာ အတွင်းသို့ စစ်ကောင်စီ၏ အမြောက်တပ် အမတ (၃၁၇) တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် ၁ ပါး ပျံလွန်တော် မူခဲ့ပြီး ရဟန်း ၁ ပါး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ရေးမြို့ဒေသခံ အမျိုးသားတစ်ဦးကလည်းပျံလွန်တော်မူခဲ့တဲ့ ကိုရင်လေးက အသက် ၁၀ နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီး ၂ လုံး ကျခဲ့ပြီး ကျောင်းရှေ့မှာ ကစားနေတဲ့ ကိုရင်လေးကို လက်နက်ကြီး ထိမှန်ခဲ့တယ်။ ကိုရင်လေးရဲ့ကျောပြင်တစ်ခုလုံး ကြည့်ရက်စရာမရှိဘူးဟု ဧရာဝတီတိုင်းမ် ကို ပြောပြသည်။
မွန်ပြည်နယ် အတွင်း စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် မင်းစော ရွာရှိ နေအိမ် ၉ လုံး လက်နက်ကြီးထိမှန် ပျက်စီးမှု ဖြစ်ပွားခဲ့သေးသည်။
#Ayeyarwaddy_Times