နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/ဖေဖော်ဝါရီ ၁၃ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်အစပ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲများ ထိတွေတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော် ခုနစ် ဦး တိုင်းပြည်အတွက်အသက် ပေးခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ယမန့်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေလယ် ၁၂ နာရီခန့်တွင် ကျေးရွာများအား မီးရှို့ဖျက်ဆီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်း နှင့် ထိပ်တိုက်တွေ့ကာ လူသူလက်နက်အင်အား အဆမတန် ကွာခြားမှုကြောင့် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီစစ်တပ်တွေက ဆားလင်းကြီးမြို့နယ်နဲ့ ပုလဲမြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ အပြင် PDF စခန်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေကို လိုက်ရှာနေတဲ့စစ်ကြောင်းနဲ့ ထိပ်တိုက် တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့တာ။ လက်နက်အင်အား လူအင်အားကအရမ်းကွာတယ်လေ။ ကိုယ်ဘက်က ရဲဘော် ခုနစ် ယောက်ကျဆုံး သွားတယ်။ ပစ္စည်းအချို့နဲ တော်လှန်ရေး အဖွဲ့တွေသုံးတဲ့ကားပါမီးရှို့ဖျက်ဆီး ခံလိုက်ရ တယ်။ စစ်ကူလာတဲ့တော်လှန်ရေးတပ်ဖွဲ့တွေမလာခင် ကျဆုံးသွားရတာ။ စစ်ကောင်စီ တပ်ဘက်က သေဆုံး ဒဏ်ရာရတာ ရှိပေမယ့်လွတ်ရာကိုရှောင်ခဲ့ရတာမို့ အတိအကျတော့ မသိရဘူး” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ယခု ဖေဖော်ဝါရီ လဆန်းမှစတင်၍ ဆားလင်းကြီးမြို့နယ် နှင့် ပုလဲမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ စခန်းငယ်များကို တောနင်းရှာဖွေ မှုများ ပြုလုပ်လျက်ရှိသည်။
ထို့သို့ ပြုလုပ်ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ လက်နက်ထုတ်လုပ်သည့် စခန်းငယ်တစ်ခုနှင့် ဒေသကာကွယ်ရေးစခန်းတစ်ခု စုစုပေါင်းစခန်း (၂) ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခံခဲရပြီး တပ်ဖွဲ့ဝင်များ ကျဆုံးခြင်းမရှိသော်လည်း ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #ပုလဲမြို့နယ် #စစ်ကောင်စီတပ် #ထိတွေ့တိုက်ပွဲ #ကာကွယ်ရေးတပ်ဖွဲ့ဝင် #၇ဦးကျဆုံး #Ayeyarwaddy_Times