ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ၁၃ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အထက်တန်းကျောင်းတွင်‌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့များက ယမန်နေ့ ဖေဖော်ဝါရီ ၁၂ရက် မနက် ၂ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆင်မရဲကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် အင်အား(၇၀)နီးပါးရှိ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger အဖွဲ့ဝင်များက ပြောသည်။

“သူတို့က ပြည်သူတွေအိမ်ကိုမီးရှို့တယ်။ သတ်တယ်။သတ်တဲ့အခါမှာလဲသူတို့က ကမ်းနားစပ်က ကုန်းကလေးမှာ သွားသတ်ကြတယ်လို့ပြောတယ်။ အသတ်ခံရတဲ့သူတွေက NLDပါတီဝင်‌ တွေကိုသတ်တာများတယ်ဆိုပြီးနေ့တိုင်းလာပြောနေကြလို့ ညတွင်းကြီးကျည်ဆံရှိသလောက်နဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါဗျ။ ပြည်သူတွေကလည်း စစ်ကောင်စီကို ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့နယ်မြေထဲမှာရှိနေသ၍အသက်နဲ့လဲပြီး ကာကွယ်သွားမှာပါ”ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)အဖွဲ့နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော ခွပ်ဒေါင်းနီ ပြောက်ကြားတပ်၊ The Volue Of Youngmen၊VOMDY-Front Warrior၊NY LOCAL PDF၊မုံရွာခရိုင်၊တပ်ရင်း (၁၂)၊ တပ်ခွဲ (၄) မီးတောက်တပ်ခွဲ စသည့် ညီနောင်မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MBT အဖွဲ့ထံမှသိရသည်။