နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ) /ဖေဖော်ဝါရီ ၁၃ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မအူရွာနှင့် နွားဇုန်ကြားကျေးရွာအနီးတွင် ဘယ်ရင်အုံ၌ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ နှင့် ညာဘက်ရင်အုံတွင် လက်အုပ်ချီထားသည့်ပုံ တတ်တူး (ဆေးမင်ကြောင်) ထိုးထားသည့် အသက် (၂၀) ခန့်ရှိ လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက စွန့်ပစ်ထားသည့်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါလူငယ်၏ ရုပ်အလောင်းကို ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ၊ ယနေ့ နေ့နံနက် ၇ နာရီခန့်ကတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ထူးဆန်းတာက ဗိုလ်ချုပ်အောင်ဆန်းရဲ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာပဲ တွေ့ရတာ။ သေဆုံးနေတဲ့ လူငယ်ရဲ့ ဘယ်ရင်အုံမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့လို့ တတ်တူး ထိုးထားပြီး ညာဘက်ရင်အုံမှာ လက်အုပ်ချီထားတဲ့ပုံ တတ်တူးထိုးထားတာ။ သေနေတဲ့ ကလေးရဲ့ အလောင်းမှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့တွေ့ရတာပါ” ဟု အသက် ၃၅ နှစ်ခန့်ရှိ ဒေသခံအမျိုးသမီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က မအူရွာရှိ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ဖမ်းဆီးခံရသူ လူငယ်၏ မိဘများက စစ်ကောင်စီတပ်များရှိရာ အမှတ်(၁)ရဲစခန်း၊ မြို့တော်ခန်းမနှင့် အခြားနေရာများတွင် လိုက်စုံစမ်းခဲ့သော်လည်း ယနေ့အထိ သတင်းမရရှိသေးကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် နေအိမ်များအတွင်းသို့ ဝင်ရောက်၍ လူမသိဖမ်းဆီးထားသည့် လူငယ်အများအပြားရှိနေပြီး မိသားစုဝင်များနှင့်ပါ အဆက်သွယ်မရသည့် လူငယ်များ ရှိနေကြောင်းသိရသည်။
ယခု တွေ့ရှိရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှင့် လက်အုပ်ချီထားသည့် ပုံ တက်တူးထိုးထားသည့် လူငယ်ကို စစ်ကောင်စီတပ်က သတ်ဖြတ်၍ စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုမှုများ ရှိသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။