ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး တိုင်းပြည်အာဏာထိန်းချုပ်ခဲ့တာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာပြည်သူအများစုဟာ လွတ်လပ်မှုနဲ့ အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ပြီး ပြည်သူအများအပြားဟာ တိုင်းပြည်မှ ထွက်ပြေးခဲ့ရပါတယ်။
“အာရှတိုက်ရဲ့ နောက်ဆုံးနယ်ပယ်သစ်” တစ်ခုဖြစ်မယ်လို့ မျှော်မှန်းခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ နောက် ပြန်ဆုတ်သွားခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေရှိပေမယ့် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင် ကို ဆက်လက်ခုခံနေပါတယ်။ ဒီမိုကရေစီအင်အားစုတွေကလည်း လက်နက်ကိုင်တိုက်ပွဲမှာ တိုင်းရင်းသားလူနည်း စုတွေနဲ့ ပူးပေါင်းခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ တရားဝင်မှု မရရှိခဲ့သလို ပြည်သူတွေရဲ့ထောက်ခံမှုလည်း မရရှိခဲ့တာ ပြီးခဲ့ တဲ့နှစ်နှစ်က သက်သေပြခဲ့ပါတယ်။ ဂျပန်အစိုးရက မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား တွေ့ဆုံ ဆွေးနွေးဖို့ အလေးထားခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အထီးကျန်ဆန်စေမယ့် လမ်း ကြောင်းတစ်ခုကို ဉီးတည်စေဖို့ အမေရိကန်၊ ဉရောပသမဂ္ဂတို့နဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
ဖေဖော်ဝါရီလဟာ မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တိုင်တစ်ခု အမှတ်သညှာဖြစ်ပါတယ်။ စစ်တပ်က တိုင်းပြည်ကိုထိန်းချုပ်ဖို့ အခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေက ပြဌာန်းထားတဲ့ နိုင်ငံတော် အရေးပေါ်အခြေ အနေက နှစ်နှစ်ကုန်ဆုံးပြီဖြစ်ပါတယ်။
ဒါပေမယ့် စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ လက်ရှိ လုံခြုံရေးအခြေအနေတွေကို ကိုးကားပြီး စစ်တပ် က အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးကြောင်း ကြေညာခဲ့ပါတယ်။ ရလဒ်အနေနဲ့ သြဂုတ်လအတွင်း ပြုလုပ်ဖို့စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်တော့မှာ မဟုတ်ပါဘူး။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရ ချိန်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက တရားမျှတမှုရှိမယ်လို့ မျှော်လင့်လို့မရပါဘူး။ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပြည်သူ ၃၀၀၀ နီးပါး သေဆုံးကာ ၁၄၀၀၀ ခန့် ထိန်းသိမ်းခံခဲ့ရကာ တစ် သန်းကျော် ဒုက္ခသည်ဖြစ်လာခဲ့တယ်လို့ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ မြန်မာစစ်ကောင်စီအပေါ် တုံ့ပြန်မှုက မချင့်မရဲဖြစ်စရာပါ။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ အ ကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့ တောင်းဆိုခဲ့ပေမယ့် ဒဏ်ခတ်အရေးယူမှုတွေ မပြုလုပ်ဘဲ အနောက်နိုင်ငံတွေနဲ့ ကွဲလွဲပြီး စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်ကြောင်းတစ်ခု ဖွင့်လှစ်ပေးဖို့ တောင်းဆိုနေပါတယ်။
ဂျပန်နိုင်ငံရဲ့အသံကို နားထောင်တယ်ဆိုတဲ့ အရိပ်လက္ခဏာတော့ မရှိပါဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေက မဟာဗျူဟာမြောက် ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိ ဒဏ်ခတ်အရေး ယူမှုတွေက ရုရှားနိုင်ငံအပေါ် အရေးယူတာတွေလောက် မထိရောက်ဖူးလို့ သူက ထောက်ပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီအပေါ် ချက်ချင်း ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ သောမတ်အန်ဒရူးရဲ့ အစီရင် ခံစာက တောင်းဆိုထားပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံက အလွန်အမင်း စိုးရိမ်မိတယ်လို့ အစိုးရ အဖွဲ့ အတွင်းရေးမှူးချုပ် ဟိုင်ရိုကာဇူမတ်ဆူနိုက ဝန်ခံထားပါတယ်။
“မြန်မာစစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အသံတွေကို နားမထောင်တာကြောင့် အကြမ်းဖက်မှုတွေ အဆုံးသတ်မယ့်လက္ခဏာ မရှိဘူး” လို့ ဖေဖော်ဝါရီလ ၁ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို စိုးရိမ်ပူပန်နေယုံနဲ့တော့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါ ဘူး။
နိုင်ငံတကာအသိုင်းအဝိုင်းမှ နိုင်ငံအများစုက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို အလေးထားခဲ့ကြပါ တယ်။ သို့သော်လည်း မြန်မာ့အရေးကို ဉပက္ခေါပြုထားမယ်ဆိုရင် တရုတ်နဲ့ရုရှားလိုမျိုး အာဏာရှင်ခေါင်းဆောင် တွေကို ရဲဆေးတင်ပေးသလိုဖြစ်ပါလိမ့်မယ်။
တရုတ်နဲ့ရုရှားဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီကို အဓိက ထောက်ခံပြီး ပံ့ပိုးကူညီတဲ့တိုင်းပြည်တွေ ဖြစ်ပါတယ်။ G7 အဖွဲ့ရဲ့ လက်ရှိဥက္ကဌအနေနဲ့ ဂျပန်နိုင်ငံက အမေရိကန်၊ ဉရောပသမဂ္ဂတို့လို မြန်မာစစ်ကောင်စီ အပေါ် ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ စဉ်းစားသင့်ပါပြီ။
Japan Forward ပါ အယ်ဒီတာ့အာဘော် Myanmar: Time for Japan to support sanctions on the junta ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။