ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဖေဖော်ဝါရီလ ၁၃ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့တွင် PDF ဟန်ဆောင်၍ ပြည်သူများထံမှ ငွေကြေးလိမ်လည်နေသည့် ဇီးဖြူပင်ရွာနေ မောင်ဗိုလ်ဗိုလ်ဟန် ဆိုသူကို မြိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
အဆိုပါ အသက် ၂၁ နှစ်အရွယ် မောင်ဗိုလ်ဗိုလ်ဟန် ဆိုသူမှာ ဧရာဝတီတိုင်းအတွင်းနေထိုင်ပြီး အင်တာနက်ပေါ်မှတစ်ဆင့် ပြည်ပမှအလှူရှင်များထံ ငွေကြေးလိမ်လည်အလှူခံခဲ့ပြီး ဇာတိမြေ မြိုင်မြို့နယ်၊ ဇီးဖြူပင်ရွာသို့ပြန်လာကာ အလှူခံရသည့် ငွေကျပ် သိန်း ၇၀ ကျော်ဖြင့် ဆိုင်ကယ်၊ နွား၊ ရွှေနားကပ်များ ဝယ်ယူခဲ့ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။
“ဒီကောင်က ဧရာဝတီတိုင်းဘက်မှာအခြေချပြီး PDFဟန်ဆောင်ပြီးလိမ်တာ။ ကျွန်တော်တို့ဖမ်းလိုက်တာက အဓိက သူကပျူတွေ၊ စစ်သားတွေနဲ့ပေါင်းတာ၊ အဲ့တာကြောင့်ကျွန်တော်တို့ကဖမ်းပြီးစစ်မေးတာမှာ ဒီအကြောင်းတွေပေါ်သွားတာ။ သူ့ကိုလှူတဲ့သူတွေကိုလည်း စစ်တပ်ကိုသတင်းပေးထားတယ်ပြောတယ်။ ဒါပေမဲ့အလှူရှင်တွေက နိုင်ငံခြားမှာနေတယ်ဆိုတော့ ဖမ်းဆီးခံမထိဘူးလို့သိရတယ်။” ဟု မြိုင်(ပကဖ)တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို လိမ်လည်အလှူခံသူထံမှ ငွေကြေး သိန်း ၃၀ ကျော်၊ အလှူခံရသည့် ငွေကြေးဖြင့်ဝယ်ယူထားသည့် လက်စွပ် ၂ ကွင်းနှင့် နားကပ် ၁ ရံ၊ ၁၇ သိန်းတန်ဆိုင်ကယ်တစ်စီးနှင့် ၆သိန်းဝန်းကျင်တန်ဖိုးရှိ နွားတစ်ကောင်အား သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင် (ပကဖ) မှ တာဝန်ရှိသူကပြောသည်။
ဒါ့ပြင် လိမ်လည်အလှူခံသူ မောင်ဗိုလ်ဗိုလ်ဟန် ကို မိဘဆွေမျိုးများ၏ အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း မြိုင် (ပကဖ) မှဆက်လက်ပြောသည်။
#Ayeyarwaddy_Times