‌ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို RTGF အဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၃ နာရီ ဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရကြောင်း သတင်းရရှိသည်။

အင်အား ၂၀ ကျော်ခန့်ဖြစ် ခင်ဦးမြို့လယ်ခေါင်ရှိ ဒလန် မင်းသိုက်ပိုင်ဆိုင်သည့် တိုက်တွင် တပ်စွဲဂိတ်ချကာ စစ်ဆေးနေသည့် စစ်ကောင်စီကို ဒရုန်းဖြစ် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း RTGF အဖွဲ့ထံမှသိရသည်။

“သူတို့က အဲ့မှာတပ်စွဲထားတာ ကြာပြီဗျ၊ ဒလန်မင်းသိုက်ပိုင်တဲ့ တိုက်မှာ တပ်စွဲပြီး ဂိတ်ချစစ်ဆေးနေတာပါ၊ ကျွန်တော်တို့က ဒရုန်းနဲ့ချပြီးတဲ့အချိန် သူတို့ဘက်ကနေရာမှာဘဲ ၂ ဦးပွဲချင်းပြီး သေသွားပြီး ၁ဦးဒဏ်ရာရပြီးထွက်ပြေးတယ်ဗျ၊သူတို့ဘက်ကသူတွေ သေသွားတာသိတော့မှ မြို့ပေါ်တွေမှာ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်။ “ဟု Royal Tiger Guerrilla Force အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

Royal Tiger Guerrilla Force အဖွဲ့သွားရောက် တိုက်ခိုက်ခဲ့သည့် ဂိတ်တွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်သည့် ဂျန်မာရှိနေသဖြင့် အလစ်အငိုက် ဖမ်းပြီး တိုက်ခိုက်ခဲ့ရသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်တော်လှန်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကမှ ကူညီကြပြီး အရေးတော်ပုံ အောင်တဲ့အထိ ပါဝင်ပေးကြပါဖို့လည်း တိုက်တွန်း မေတ္တာရပ်ခံထားသည်။

အဆိုပါစစ်ကောင်စီဂိတ်ကို Royal Tiger Guerrilla Force အဖွဲ့က ၁၀ကြိမ်နီးပါ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာအများပြားရရှိကြောင်း RTGF အဖွဲ့ထံမှသိရသည်။