ဧရာဝတီတိုင်းမ်
(သထုံ)၊ ဖေဖော်ဝါရီလ ၁၃ ရက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝီ‌ယော်စခန်းအား ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီဝန်းကျင်တွင် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အင်းအား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီလက်အောက်ခံ ဝီယော်စခန်းအား ၄၀မမ၊ စနိုက်ပါများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

“ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အင်အား ၃၀ ကျော်ရှိတဲ့ဝီယော်စခန်းကိုတိုက်ခိုက်ခဲ့တယ်၊ အဲ့ဒီမှာ စစ်ကောင်စီဘက်က တပ်သား ၂ ဦးသေတယ်လို့သတင်း ရတယ်။ ကျွန်တော်တို့ဘက်က လုံခြုံစွာဆုတ်ခွာနိုင်ခဲ့တယ်။ ၁၁ ရက်နေ့ကလဲ KNLA ပူးပေါင်းတပ်တွေနဲ့ ကျိုက်ထိုမှာ စစ်ကားတန်းကို တိုက်ခိုက်ဖို့အသွားမှာ ကားကိုလုံခြုံရေးယူပေးတဲ့တပ်တွေနဲ့ တိုက်ပွဲဖြစ်သေးတယ်။” ဟု သထုံခရိုင် PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းမှ ဧရာဝတီတိုင်းမ်ကို‌ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆၀မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအား KNLA တပ်ရင်း ၂၊ PDF တပ်ခွဲ ၁၊ တပ်ခွဲ ၃ ပူးပေါင်းအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း KNLAတပ်ရင်း(၃) ပူးပေါင်းအဖွဲ့နှင့် နယ်မြေခံစစ်ကြောင်းများမှ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ အနီးတွင် စစ်ကောင်စီယာဉ်တန်းအားတိုက်ခိုက်ရန်သွားစဉ် အဆိုပါယာန်တန်းအား ကင်းပုန်းယူလာသည့်တပ်နှင့် တွေ့ဆုံ၍ မိနစ် ၂၀ ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ဗိုလ်အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – သထုံခရိုင် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုပုံ