ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၂ ရက်

မြန်မာနိုင်ငံတဝှမ်းမှ မြို့နယ်ပေါင်း ၁၅၈ မြို့နယ်တွင် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားနိုင်ပြီဖြစ်ပြီး ၇၀ ရာခိုင်နှုန်းအထိ ထိမ်းချုပ်ထားနိုင်သည့်မြို့ပေါင်းမှာလည်း ၇၃ မြို့အထိ ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ယနေ့ ပြောဆိုသည်။

ယနေ့ကျင်းပသည့် NUG အစိုးရနှင့် တကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ (ဒုတိယမြောက်နေ့) တွင် NUG အစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ယခုလိုပြောဆိုခြင်း ဖြစ်သည်။

“တိုင်းဒေသကြီးတွေအားလုံးမှာ လတ်တလောအခြေအနေမှာ ၁၅၈ မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းရာမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသတွေမှာ မြို့တွေကို ၇၀ ရာခိုင်နှုန်းလောက်ထိမ်းချုပ်ထားနိုင်တဲ့မြို့စုစုပေါင်း ၇၃ မြို့လောက် ရှိပါပြီ”ဟု ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က အဆိုပါအခမ်းအနားတွင် ပြောဆိုသည်။

မိမိတို့ NUG အစိုးရအနေဖြင့် နွေဦးတော်လှန်ရေးနှင့်ပတ်သတ်၍ အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊
နယ်မြေစိုးမိုးထိမ်းချုပ်မှု ရရှိရေး၊ ရရှိသည့်နယ်မြေများ၌ အုပ်ချုပ်ရေးယန္တရား ခိုင်မာအောင် တည်ဆောက်နိုင်ရေးနှင့် အုပ်ချုပ်မှု ရထားသောနယ်မြေများတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု လုံခြုံရေးကို ဝန်ဆောင်မှုပေးနိုင်ရေးအစီအမံဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း NUG ဝန်ကြီးက ဆိုသည်။

“အုပ်ချုပ်ရေးကဏ္ဍကို ဖော်ဆောင်တဲ့အခါမှာ အမှားအယွင်းမဖြစ်စေဖို့အတွက် ကြားကာလအုပ်ချုပ်မှု ဖော်ဆောင်ရေးကော်မတီဆိုပြီး ဖွဲ့စည်းပြီးတော့ ဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

နယ်မြေစိုးမိုးမှု ရရှိသည့်ဒေသများတွင်လည်း တရားရုံးများ တည်ဆောက်ဖွင့်လှစ်၍ တရားဥပဒေစိုးမိုးမှု ရှိစေရေး ဆောင်ရွက်နေပြီး အခွန်ကောက်ခံမှုတွင်လည်း ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် PDF များအတွက် သုံးစွဲကြောင်း၊ ၃၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာမြို့နယ်၏အုပ်ချုပ်ရေးကဏ္ဍအတွက် သုံးစွဲကြောင်း၊ ကျန် ၃၀ ရာခိုင်နှုန်းကို ပြည်ထောင်စုမှ ခွဲဝေသုံးစွဲကြောင်း ဝန်ကြီး ဦးလွင်ကိုလတ်က အခမ်းအနားတွင် ပြောဆိုသည်။