ဆလိုင်းသန့်စင်/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ပြည်ထဲရေးဝန်ကြီးဌာနက ၁၉၇၇ ခုနှစ်၊ မေလ ၉ ရက်နေ့မှာ အတည်ပြုပြဌာန်းခဲ့တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြင်ဆင်ဖြည့်စွက်ပြီး အသစ်ပြဌာန်းခဲ့ပါတယ်။

အဆိုပါ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ (၂၀၂၃) ကို စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃) နဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ လူအများကြား ပျံ့နှံ့ထွက်ပေါ်လာခဲ့ပါတယ်။

အသစ်ပြဌာန်းလိုက်တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူအသစ်ဟာ စစ်တပ်ထောက်ခံသူတွေကို သေနတ်ကိုင် လူသတ်ခွင့်လိုင်စင်ထုတ်ပေးခြင်းနဲ့ Non-CDM ဝန်ထမ်းတွေကို လက်နက်တွေ ထုတ်ပေးပြီး စစ်တိုက်ခိုင်းဖို့ စစ်ကောင်စီက ပြင်ဆင်လာတာလို့ နိုင်ငံရေး အင်အားစုတွေက သုံးသပ်ပြောဆိုကြပါတယ်။

“ဒါက စစ်ကောင်စီက ပြည်သူ့စစ်မဟာဗျူဟာချတာ။ ဒါကို ဘောင်ဝင်အောင် နိုင်ငံတကာ အပြောအဆိုလွတ်​အောင် လက်တလုံးခြားနဲ့ ဥပဒေထုတ်ပြီး လုပ်တာ။ သူတို့ စစ်တပ်ထောက်ခံတဲ့ အင်အားစုတွေကို တရားဝင်လူသတ်ခွင့်လိုင်စင် ထုတ်ပေးလိုက်တာပါပဲ”လို့ ဧရာ၀တီဖက်ဒရယ် ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ လိုင်စင်နဲ့ကိုင်ဆောင်ခွင့်ပေးမယ့်လက်နက် ၅ မျိုးရှိပြီး ပါမစ်နဲ့ ကိုင်ခွင့်ပေးမယ့်လက်နက်က ၃ မျိုးရှိကြောင်း သိရပါတယ်။

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့သေနတ်တွေကတော့ ပွိုင့် ၃၈ လက်မနဲ့ အဆိုပါသေနတ်ထက် ပြောင်း၀ ငယ်တဲ့ဆုံလည်သေနတ်၊ ပွိုင့် ၃၈ လက်မ သို့မဟုတ် ၉ မီလီမီတာ (9 mm) နဲ့ ၄င်းထက် ပြောင်းဝ ငယ်တဲ့ ပစ္စတိုသေနတ်၊ ၁၂ ဘို့နဲ့ ၄င်းထက် ပြောင်းဝငယ်တဲ့ပြောင်းချောသေနတ်၊ ပွိုင့် ၂၂ လက်မနဲ့ ၄င်းထက်ပြောင်းဝကျယ်တဲ့အမဲလိုက်သေနတ်နဲ့ လေသေနတ်တို့ ဖြစ်ပါတယ်။

ပါမစ်နဲ့ကိုင်ဆောင်ခွင့်ပြုတဲ့သေနတ်တွေကတော့ ပွိုင့် ၃၈ လက်မ သို့မဟုတ် ၉ မီလီမီတာ(9 mm) နဲ့ ၄င်းထက်ပြောင်းဝကျယ်တဲ့ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်နဲ့ စက်သေနတ်ကလေးအုပ်စုဝင် သေနတ်တွေ ဖြစ်ပါတယ်။

လိုင်စင်နဲ့ကိုင်ဆောင်ရမယ့် ပွိုင့် ၃၈ လက်မ ဆုံလည်သေနတ်၊ ပစ္စတိုသေနတ်နဲ့ ၁၂ ဘို့နဲ့ ၄င်းထက် ပြောင်းဝငယ်တဲ့ ပြောင်းချောသေနတ်တွေဆိုရင် သေနတ် ၁ လက်ကို ကျည်ဆံ ၅၀ စီ၊ ပွိုင့် ၂၂ သေနတ်နဲ့ ၄င်းထက်ပြောင်းဝကျယ်တဲ့ အမဲလိုက်သေနတ်ဆိုရင် ကျည်ဆံ ၁၀၀ စီ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပါမစ်နဲ့ကိုင်ဆောင်ရမယ့် ရိုင်ဖယ်သေနတ်နဲ့ စက်သေနတ်ကလေးအုပ်စုဝင် သေနတ်တွေဆို ကျည်ဆံ ၁၀၀ စီထုတ်ပေးသွားမယ်လို့ စစ်ကောင်စီပြဌာန်းချက်မှာ ပါရှိပါတယ်။

လိုင်စင်နဲ့ကိုင်ခွင့်ပြုမယ့်သေနတ်တွေကို လူတဦးချင်းလျှောက်ထားခွင့်ပေးထားပြီး လူတစ်ဦးကို အမျိုးအစားမတူတဲ့သေနတ် ၃ လက် ကိုင်ဆောင်ခွင့်ပြုနိုင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ပါမစ်နဲ့ကိုင်ခွင့် ပေးမယ့် သေနတ်တွေ (ရိုင်ဖယ်နဲ့စက်သေနတ်တွေ) ကိုတော့ တစ်ဦးချင်းမရဘဲ အဖွဲ့လိုက်သာ ကိုင်ဆောင်ခွင့်ပြုမှာဖြစ်ပါတယ်။ စစ်တပ်က အငြိမ်းစားယူထားတဲ့ စစ်သားဟောင်းတွေ ကိုလည်း လိုင်စင် (သို့မဟုတ်) ပါမစ်သေနတ်များ ထုတ်ပေးသွားရန်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာပါတယ်။

လိုင်စင်နဲ့ဖြစ်စေ၊ ပါမစ်နဲ့ဖြစ်စေ သေနတ်တွေကိုင်ဆောင်ရာမှာ သေနတ်မှာ အဝေးကြည့်မှန်ပြောင်း၊ အသံတိတ်ကိရိယာ (Silencer) လုံး၀ တပ်ခွင့်မရှိဘဲ သေနတ်လိုင်စင်သက်တမ်းကတော့ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက် ပြက္ခဒိန်နှစ် ၁ နှစ်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီထုတ်ပြန်တဲ့ အမိန့်ကြေငြာစာဟာ ဝါဒဖြန့်ဖို့ ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွေမှာ စစ်တပ်ထောက်ခံသူတွေက တရားဝင် သေနတ်ကိုင်ဆောင်ခွင့်ပေးဖို့ လူသိရှင်ကြား တောင်းဆိုခဲ့တဲ့ကိစ္စရပ်ဖြစ်ပါတယ်။

ယင်းကိစ္စကို စစ်ကောင်စီက တပ်လော်ဘီတွေဆန္ဒ ဖြည့်ဆည်းပေးသလို အယောင်ပြပြီး တဖက်လှည့်နဲ့ စစ်တပ်အင်အားဖြည့်တင်းဖို့အတွက် ဆောင်ရွက်တာလို့ နိုင်ငံရေးအင်အားစုတွေက သုံးသပ်ပါတယ်။

“စစ်တပ်ထောက်ခံသူတွေက နဂိုကတည်းက စစ်တပ်အားကိုးနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျနေသူတွေဖြစ်တယ်။ အခု စစ်တပ်က တရားဝင်လက်နက်ကိုင်ခွင့် ပေးလိုက်ပြီဆိုတော့ သူတို့မကျေနပ်တဲ့ ပြည်သူတွေကို PDF ပါဆိုပြီး သတ်မယ့်ကိစ္စတွေ အများကြီးဖြစ်လာနိုင်တယ်။ ဒါက အကြမ်းဖက်မှုတွေ ပိုတိုးလာဖို့ ဆွပေးလိုက်တဲ့ ဥပဒေပဲဗျ။ ဒါမှ စစ်ကောင်စီက သူတို့စိတ်ကြိုက် အုပ်ချုပ်လို့ရမှာ”လို့ ဧရာ၀တီဖက်ဒရယ်ကောင်စီ တာဝန်ရှိသူက သုံးသပ်ပြောဆိုပါတယ်။

“သေနတ်ကိုင်ရင် စစ်ကောင်စီကို ကူညီပြီး စစ်တိုက်ပေးရမယ်”

လိုင်စင်နဲ့ဖြစ်စေ၊ ပါမစ်နဲ့ဖြစ်စေ စစ်ကောင်စီထုတ်ပေးတဲ့သေနတ် ကိုင်မယ်ဆိုရင် စစ်တပ်နဲ့ အပေးအယူတစ်ခု လုပ်ရမှာဖြစ်ပါတယ်။ အဲဒါကတော့ စစ်ကောင်စီက လိုအပ်တဲ့အချိန်၊ တော်လှန်ရေး အင်အားစုတွေနဲ့တိုက်ပွဲ ဖြစ်ပွားတဲ့အချိန်၊ ပြစ်မှုဆိုင်ရာ အမှုအခင်းတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေ တားဆီးနှိမ်နင်းချိန်တွေမှာ ပါဝင်ကူညီပေးရမယ့်ကိစ္စ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့အမိန့်ကြေငြာစာထဲမှာ ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ၊ ဝန်ထမ်း အဖွဲ့အစည်းတရပ်ရပ်ကဖြစ်စေ ပါဝင်ဆောင်ရွက်ဖို့ ညွန်ကြားတဲ့အခါမှာ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ်လို့ အခန်း (၄)၊ အပိုဒ် (၉) ပုဒ်မ (က၊ ခ၊ ဂ) မှာ အတိအလင်း ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲ တာဝန်ပျက်ကွယ်မယ်ဆိုရင် လိုင်စင်နဲ့ဖြစ်စေ၊ ပါမစ်နဲ့ဖြစ်စေ ထုတ်ပေးထားတဲ့ သေနတ်တွေကို နီးစပ်ရာမြို့နယ်ရဲတပ်ဖွဲ့က သိမ်းဆည်းသွားမယ်လို့ အခန်း (၁၂) ပုဒ်မ (၂၉ နဲ့ ၃၀) မှာ ရေးသားထားပါတယ်။

“စစ်ကောင်စီက စစ်သားစုဆောင်းရေးတွေ အားနည်းလာတယ်။ အင်အားဖြည့်တင်းမှု ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒါကြောင့် မြို့ပြတွေမှာ စစ်အင်အားတိုးအောင် ဆောင်ရွက်ဖို့က ဒီတနည်းပဲ ရှိတယ်။ ပျူတွေ၊ ပြည်သူ့စစ်တွေ၊ ပြည်သူ့ဝန်ထမ်းတွေကို လက်နက်ကိုင်ခွင့်ပေးမယ်၊ ပြီးရင် လိုအပ်သလို ထုတ်သုံးမယ်၊ စစ်တိုက်ခိုင်းမယ်ဆိုတာ နဂိုကတည်းက ကြံထားတာပါ။ အဲ့ကိစ္စကို သူတို့ ဖြစ်စေချင်တဲ့အတိုင်း လျှောက်ရေးပြီး ဥပဒေဆိုပြီးထုတ်လာတာ”လို့ ပုသိမ်မြို့ပြပျောက်ကြားတပ်ဖွဲ့ တာဝန်ခံ ကိုစစ်ရန်ရှင်းက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွေမှာ ၎င်းတို့လက်အောက်ခံ ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းတွေကို အခြေခံစစ်သင်တန်းတွေ ထည့်သွင်းသင်ကြားပေးခဲ့ပါတယ်။

အဆိုပါ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ တက်ရောက်ကြတဲ့ ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ် အပါအဝင် Non-CDM ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်တပ်က အခြေခံစစ်ရေးပြ၊ လက်နက်ငယ် အဖြုတ်အတပ်၊ လက်နက်ပစ်ခတ်မှုတွေကို အလေးထား သင်ကြားပေးနေခဲ့ပြီး ၁ နှစ်ခန့် အကြာမှာတော့ ဝန်ထမ်းတွေကို အဖွဲ့လိုက်လက်နက်ကိုင်ဖို့ စီမံလာဖွယ်ရှိတဲ့ “လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ”ကို ပြင်ဆင်ပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီထုတ်ပြန်လိုက်တဲ့ သေနတ်ကိုင်ဆောင်ခွင့်မူဟာ Non-CDM ဌာနဆိုင်ရာဝန်ထမ်းတွေ အနေနဲ့ ကိုယ့်ရုံးကိုယ် သေနတ်ကိုင်စောင့်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုအတွက် အသက်ပေးတိုက်ပွဲဝင်ရတော့မှာလားဆိုတဲ့မေးခွန်းတွေလည်း ထွက်ပေါ် လာပါတယ်။

“စကစ(စစ်ကောင်စီ)အနေနဲ့ အခုလိုမျိုး သတင်းထုတ်ရတဲ့ ရည်ရွယ်ချက်က Non- CDM တွေအနေနဲ့ ကြားနေခွင့်မရှိဘူး။ သူတို့(စကစ)ကိုပဲ အကြွင်းမဲ့ထောက်ခံရမယ်လို့ ပြောလိုက်တာနဲ့အတူတူပါပဲ။ စကစ အနေနဲ့ သူတို့အာဏာတည်မြဲဖို့အတွက် ဘယ်လို အဖွဲ့အစည်းကိုမဆို အသုံးချဖို့ ဝန်မလေးဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ နောက်ဆက်တွဲ ကတော့ ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်တော့ မထင်ဘူး။ အခုအချိန်ထိ စကစ လက်အောက်မှာ တာဝန်ထမ်းဆောင်ပေးနေကြသူ အများစုက စကစကို တစ်နည်း မဟုတ်တစ်နည်းနဲ့ ထောက်ခံနေကြသူတွေဖြစ်လို့ သူတို့ခိုင်းတဲ့ အတိုင်းပဲ လုပ်ကြမယ် လို့ထင်တယ်”လို့ CDM ဗိုလ်ကြီး Captain Zero က သုံးသပ်ပြောဆိုပါတယ်။

လက်ရှိမှာ Non-CDM ဌာနဆိုင်ရာဝန်ထမ်းတွေ လက်နက်မကိုင်ရသေးပေမယ့် စစ်ကောင်စီ လက်အောက်က စစ်သားဇနီးတွေ၊ ပြည်ထဲရေးဌာနလက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့၊ အကျဥ်းဦးစီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကတော့ နီးစပ်ရာ ရဲတပ်ရင်း၊ တပ်ဖွဲ့စခန်းတွေမှာ စစ်သင်တန်း တက်ခဲ့ရပြီး နောက်တန်းစခန်းတွေမှာ သေနတ်ကိုင် ကင်းစောင့်ပေးနေရပါတယ်။

စစ်ကောင်စီဟာ ယခုလဆန်းပိုင်းမှာ မြန်မာနိုင်ငံအတွင်းက စစ်ရေးတင်းမာနေတဲ့မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာထားတဲ့အတွက် အဆိုပါမြို့နယ်တွေက Non-CDM ဝန်ထမ်းတွေကို အစောဆုံးအနေနဲ့ လက်နက်တွေတပ်ဆင်ပေးလာဖွယ်ရှိတယ်လို့ နိုင်ငံရေး အင်အားစုတွေက သုံးသပ်ပြောဆိုကြပါတယ်။

“အခုဆို မင်းအောင်လှိုင်က Non-CDM တွေကို ချနင်းဖို့ ပြင်လာပြီ။ လူမိုက်ငှားတာ လုပ်လာပြီ။ အဲတော့ ကိုယ့်အသက်ကိုယ် မနှမျောဘူးဆိုရင် ဆက်ပြီးနေပေါ့။ နှမျောတယ်ဆိုရင်တော့ ပြည်သူနဲ့ ပူးပေါင်းပေါ့။ ဒါပဲ ပြောစရာရှိတယ်။ သူတို့အသက်ဘေးအတွက် သူတို့ကိုယ်တိုင် ရွေးချယ်ရမယ့် အချိန်ရောက်ပြီ”လို့ မွန်ပြည်နယ်မှ CDM တိုင်းရင်းဆေးဆရာ ဦးအာပြဲက ပြောပါတယ်။