
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်နှင့် ရှမ်းပြည် (တောင်ပိုင်း)ဖယ်ခုံမြို့နယ်များတွင် ဇူလိုင်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့်ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲများပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF က ယနေ့တွင်ထုတ်ပြန်သည်။
ဇူလိုင် ၄ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့နယ်ရှိ လွယ်ပသာကုန်းစခန်းနှင့် ရွှေပြည်အေးကုန်းစခန်းများကို ကရင်နီတပ်မတော်-KAနှင့်ပူး ပေါင်းတပ်ဖွဲ့ဝင်များကပူး ပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင် စီဘက်မှ၄၀ဦးကိုတိုက် ခိုက်ချေမှုန်းနိုင်ခဲ့ကာ ကရင်နီ တပ်ဖွဲ့များဘက်မှလည်း ၁၁ ဦးကျဆုံးခဲ့သည်ဟုဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့ မနက်တွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘော ပင် စခန်းကိုဆက်လက်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှဗိုလ်လေးအဆင့်ရှိသူ တဦး ရင်ဘတ် ကျည်ထိမှန် သေဆုံးခဲ့သည်ဟုဆိုသည်။
တချိန်တည်းမှာပင် လွိုင်ကော်မြို့နယ်၊ ၄ မိုင် အမှတ် ၁ စခန်းမှ စစ်ကူ လာသော စစ်ကောင်စီတပ်ဖွဲ့များကို ဆိုလဆယ်နှင့် လောကထူးကျေးရွာအကြားတွင် KNDF မှ အနီး ကပ်ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့သည်ဟုဖော်ပြသည်။
အဆိုပါနေ့ နေ့လည်ပိုင်းတွင် ငွေတောင်အခြေစိုက် ခမရ (၄၂၇)တပ်ရင်း အနီးရှိ စစ်ကောင်စီ ကင်းပုန်းစခန်းအား KNDF မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးထပ်မံသေဆုံးပြီး ထိခိုက်ဒဏ်ရာမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ၁၁ ကြိမ်၊တိုက်လေယာဉ်ဖြင့် ၉ ကြိမ် လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုများကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ PDF (Phekhon)၊ Moebye PDF နှင့် SSRY စသည့်အဖွဲ့များမှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။