ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၂ ရက်
မန္တလေးတိုင်း မြင်းခြံခရိုင်တွင်း စစ်ဆင်ရေးများလှုပ်ရှားနေသည့် Myingyan Black Tiger အဖွဲ့သည့် ကုန်ကျစရိတ်များပြားလာသဖြင့် ဆက်လက်ရပ်တည်နိုင်ရေး ခက်ခဲနေကြောင်း သိရသည်။
Myingyan Black Tiger အဖွဲ့သည် အင်အား ၁၃၀ နီးပါးရှိကာ တစ်လလျှင် စားစရိတ်ကုန်ကျငွေသည်ကျပ်သိန်း ၈၀ နီးပါး ကုန်ကျနေသည့်အပြင် တိုက်ပွဲများဖေါ်ဆောင်လျှင် အသေးစားတိုက်ပွဲပင် သိန်း ၄၀ နီးပါး ကုန်ကျနေသည့်အတွက် ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း Myingyan Black Tiger အဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့က တစ်လကို အနည်းဆုံးတိုက်ပွဲ ၅ ပွဲလောက်တိုက်ပါတယ်၊ တိုက်ပွဲတစ်ပွဲကို အနည်းဆုံး သိန်း ၄၀ နဲ့ အကြီး(စခန်းသိမ်းတိုက်ပွဲ)ဆို သိန်း ၈၀ ၊၁၀၀ လောက်ကုန်ပါတယ်၊ ကျွန်တော်တို့မှာအင်အား ၁၃၀ နီးပါးရှိနေပါပြီ၊ လက်နက်ကတော့ အာလုံးတပ်ဆင်ထားပါတယ်၊ လက်လုပ်သေနတ်တွေပေါ့ဗျာ၊ တိုက်ပွဲတစ်ပွဲပြီးရင် လက်နက်တွေ ပျက်လို့ ပြန်ပြင်ရတဲ့စရိတ်ကလည်း မနည်းကုန်ကျပါတယ်။ ရဲဘော်တွေရဲ့တစ်နေ့စရိတ်က မနည်းပါဘူးဆိုတော့ ရှေ့ဆက်ရပ်တည်ဖို့ မလွယ်ပါဘူး”ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ကိုမိုက်ခဲက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အဆိုပါအဖွဲ့သည် Local အဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်ရန် ခက်ခဲလာသောကြောင့် မြင်းခြံခရိုင်တပ်ရင်း အနေဖြစ် NUG ၏လက်အောက်ခံတပ်ရင်းအဖွဲ့ဝင် ဖြစ်ရန် လျှောက်ထားသော်လည်း တာဝန်ရှိသူများက တပ်ရင်း ပြည့်နေသောကြောင့် လက်မခံကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဆိုသည်။
” ကျွန်တော်တို့အဖွဲ့ ဖွဲ့စည်းထားတာ တစ်နှစ်ကျော်နေပြီ၊ တိုက်ပွဲပေါင်း မနည်းတော့ဘူးဗျ၊ ဆက်လက်ရပ်တည်နိုင်ရန် NUGကို အကူညီတောင်းပေမယ့် ဘာမှမရခဲ့ဖူးပါဘူး။ Local အဖွဲ့မို့ NUG ဘက်က အသိမှတ်မပြုလို့ ဘာမှ ထောက်ပံ့မှုမပေးတာလားဆိုတဲ့ မေးခွန်း ထုတ်စရာရှိလာပါတယ်၊ ပြီးခဲ့တဲ့နှစ်ပတ်လောက်က မြင်းခြံခရိုင်အနေနဲ့တပ်ရင်းပေးဖို့ ပြောခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ဘက်က မြင်းခြံခရိုင်အနေနဲ့ တပ်ရင်းလျှောက်လို့မရတော့ဘူး ပြန်ပြောပါိတယ်၊အဲ့တော့ အခြားတိုင်းမှာလျှောက်ဖို့စီစဉ်နေပါတယ်”ဟု အဖွဲ့ခေါင်းဆောင် ကိုမိုက်ခဲက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
Myingyan Black Tiger အဖွဲ့သည် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊မုံရွာ၊ ချောင်ဦး၊ ရေစကြိုနယ်ဘက်တွေအထိ တပ်ဖြန့်ထားပြီး၊ စစ်ကောင်စီ ပြုတ်ကျဖို့အတွက် တိုက်စစ်ကိုဘဲ ဖွင့်တိုက်ခဲ့သော်လည်း ယခုအခါ စရိတ်မတတ်နိုင်သောကြောင့် တိုက်ပွဲများ ခဏနားထားရသည်ဟု ဆိုသည်။
#Ayeyarwaddy_Times