နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ကော့ကရိတ်)၊ ဖေဖော်ဝါရီလ ၁၂ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့လို့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းက ကနဲထီး၊ နားပလက်ကျေးရွာတွေနားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ပြီး တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက် တာတွေပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ဖက် အကျဆုံးနဲ့ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

” တိုက်ပွဲက ၉ ရက်နေ့ထဲကစဖြစ်တာ ဒီနေ့ထိ တိုက်တုန်း၊ စခန်းသိမ်းဖို့ထိဖြစ်ပြီးပြီ လေယာဥ်နဲ့ လာဗုံးကျဲလို့ ကြာနေတာ၊ အထိခိုက်အကျဆုံးကတော့ နှစ်ဖက်လုံးမှာရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းနဲ့ BGF စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၁ နာရီလောက်မှာ လက်နက်ကြီးပစ်တာတွေ ရပ်နားသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ဖို့အတွက် freedom စစ်ကြောင်း၊ Tiger စစ်ကြောင်း၊ ကော်သူးလေ တပ်မတော်၊ KNDO စစ်ကြောင်း၊ DOMO အဖွဲ့ နှင့် PDF ပူးပေါင်းအဖွဲ့တွေပေါင်းပြီး တိုက်ခိုက်နေတာလို့ သိရပါတယ်။