ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၂ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်တာဟာ ဆယ်စုနှစ် တစ်ခုကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အဆုံးသတ်စေယုံသာမက တိုင်းပြည်တစ်ခုလုံးကို ကစဉ့်ကလျားအ ခြေအနေ ဖြစ်စေခဲ့ကာ အာဆီယံအဖွဲ့ကို အခက်ခဲဆုံး စိန်ခေါ်မှုတွေ ဖြစ်လာစေခဲ့ပါတယ်။ မြန်မာ့အရေးဟာ အာ ဆီယံအဖွဲ့ရဲ့ အင်အားနဲ့ စည်းလုံးညီညွတ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

တရားမဝင် စစ်တပ် အာဏာသိမ်းယူမှုကြောင့်ဖြစ်လာခဲ့တဲ့ မြန်မာ့အကျပ်အတည်းဟာ အာဆီယံအဖွဲ့က ဖြေရှင်းရမယ့်ကိစ္စရပ်တစ်ခုလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ယူဆခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ အာဆီ ယံအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ အနီးကပ်ဆက်ဆံမှုရှိတာကြောင့် မြန်မာ့အရေးဖြေရှင်းဖို့ အကောင်းဆုံးအခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာ့အရေးကို တုံ့ပြန်ဖို့ အာဆီယံအဖွဲ့ဝင်တွေက အခုချိန်မှ ညှိနှိုင်းလုပ်ဆောင်တာမ ဟုတ်ပါဘူး။

၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း “နာဂစ်” တိုက်ခတ်ပြီးနောက် အာဆီယံအဖွဲ့က လူ သားချင်းစာနာမှု အကူအညီ ပေးအပ်မှုကို အောင်မြင်စွာ ဉီးဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟာ သေဆုံးသူ ၁၃၀၀၀၀ ကျော်အထိ ရှိခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဘေးသင့်မြို့နယ်တွေမှာ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကို အကူအညီပေးအပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံက ဝင်ရောက်ခဲ့တဲ့ အာဆီယံအဖွဲ့က နိုင်ငံတကာအကူအညီ ပေးအပ်တာကို ဉီးဆောင်မှသာ မတိုးသာမဆုတ်သာအခြေအနေ ပြေလည်ခဲ့တာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ သန်းရွှေဉီး ဆောင်တဲ့ စစ်အစိုးရကို ဖျောင်းဖျနိုင်ခဲ့တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ခဲ့ပါတယ်။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး လမ်းညွှန်မြေပုံ ရှေ့ဆက်ရေးအတွက် အာဆီယံ အဖွဲ့က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ကို အားပေးခဲ့တာကြောင့် စစ်တပ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကြောင့် ဆယ်စုနှစ်ငါးခုကြာ မတွေ့ကြုံဖူးတဲ့ အပြောင်းအလဲတွေ မြန်မာနိုင်ငံမှာ ရှိလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်ဉီးဆောင်တဲ့ NLD က ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်ရခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ စစ်တပ်ဟာ သူ့ရဲ့ ရပ်တည်ချက်နဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လုပ်ပိုင်ခွင့်အာဏာ ရရှိထားပါတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်မှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကြောင့် အာဆီယံအဖွဲ့က မြန်မာစစ်အစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်မယ့်နည်းလမ်းတွေ တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကတော့ ကွဲပြားခြားနားပြီး မြန်မာစစ်ကောင်စီနဲ့ မိတ်ဖက်ဆောင်ရွက်တာ ပူးပေါင်းဆောင်ရွက်လိုတဲ့ဆန္ဒ မရှိဘူး ဆိုတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နားလည်သင့်ပါတယ်။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့သစ္စာတော်ခံတွေဟာ စစ် အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခြင်းအားဖြင့် အာဏာစွဲကိုင်တာ ခိုင်မြဲ အောင်လုပ်ဆောင်ဖို့သာ စိတ်ဝင်စားပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံအဖွဲ့ဝင်ကိုးနိုင်ငံမှ ခေါင်းဆောင်တွေနဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံကာ သမိုင်းဝင် ဘုံသဘော တူညီချက် ၅ ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်က စစ် တပ်အာဏာပိုင်တွေနဲ့ အနီးကပ်လက်တွဲဆောင်ရွက်ကာ အတိုက်အခံတွေနဲ့တွေ့ဆုံပြီး နှစ်ဘက်ကြား တွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစဉ် ပြုလုပ်စေဖို့ မျှော်မှန်းခဲ့ပါတယ်။

ပထမဆုံး အထူးကိုယ်စားလှယ်က ၂၀၂၁ ခုနှစ် အာဆီ ယံ အလှည့်ကျဥက္ကဌ ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီယာဝမ်ယူစွပ် ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံရဲ့ အာဆီယံဥက္ကဌသက်တမ်းအတွင်း ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ စစ်ကောင်စီ အ ဆင့်မြင့်အဖွဲ့ဝင်တွေ သို့မဟုတ် နိုင်ငံရေးကိုယ်စားလှယ်တွေကို မဖိတ်ကြားဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့ပါ တယ်။ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံတွေနဲ့ တွေ့ဆုံခွင့်မပြုဘူးလို့ စစ် ကောင်စီက အကြောင်းကြားခဲ့တာကြောင့် အထူးကိုယ်စားလှယ် ယူစွပ်က မြန်မာနိုင်ငံသို့သွားရောက်မယ့် ခရီးစဉ် ကို ဖျက်သိမ်းခဲ့ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်ဖျက်သိမ်းမှုက နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိဖို့ ကြိုး ပမ်းနေတဲ့ စစ်ကောင်စီကို အရှက်ရစေခဲ့တဲ့ ပြင်းထန်သော သတင်းစကားတစ်ခု ပေးပို့ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ ခွန်ကို အထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြန်မာ့အရေး ချည်းကပ်မှုက အာဆီယံနိုင် ငံတွေနဲ့ အလွန်ပဲ ကွဲပြားခဲ့ပါတယ်။

ပရတ်ဆော့ခွန်က မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပေမယ့် အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံတာ မပြုလုပ် ခဲ့ပါဘူး။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်ရဲ့ နေပြည်တော်ခရီးစဉ်နဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နဲ့ တွေ့ဆုံမှုက စစ်ကောင်စီကို တရားဝင်မှုပေးဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သတိ ထားပြီး အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ချည်းကပ်မှုကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။

ဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း သေဆုံးသလို ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့် တက်လာခဲ့ပါတယ်။ စစ်ကောင်စီက ဘယ်လို တွေ့ဆုံဆွေးနွေးမှုမျိုးကိုမဆို စိတ်မဝင်စားတော့ဘဲ လူသားချင်းစာ နာမှု အကူအညီတွေကလည်း လိုအပ်နေတဲ့ မြန်မာပြည်သူတွေထံ မရောက်ရှိပါဘူး။ စစ်ကောင်စီက ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရက်ကို လျစ်လျှူရှုကာ အာဆီယံရဲ့တိုက်တွန်းချက်တွေကို ပျက် ရယ်ပြုခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှုအပေါ် သံသယဝင်လာတာကြောင့် အာဆီယံအဖွဲ့ ဝင်ကိုးနိုင်ငံက အဆိုပါတူညီဆန္ဒကို အရေးတကြီး သုံးသပ်ကာ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုကို အကဲဖြတ်ရ မှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အာဆီယံက စစ်ကောင်စီဟာ တရားဝင်အစိုးရ မဟုတ်သလို အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ စဉ်းစားချင့်ချိန်နိုင်သော အဖွဲ့အစည်းတစ်ခု မဟုတ်ဖူးဆိုတာကို နားလည်သင့်ပါ တယ်။ အာဆီယံအဖွဲ့ဝင်တွေက ဖြစ်နိုင်သမျှ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို ဖိအားပေးကာ ဗိုလ်ချုပ်ကြီးတွေ၊ ခရိုနီတွေကို ဒဏ်ခတ်အရေးယူပြီး ခရီးသွားလာခွင့်တွေ ပိတ်ပင်ကာ အသိအမှတ်ပြုမှု မလုပ်သင့်ပါဘူး။

လိုအပ်ရင် အာဆီယံနိုင်ငံတွေက မြန်မာကို အာဆီယံအဖွဲ့မှ ထုတ်ပယ်သင့်ပါတယ်။ အခြားတစ်ဖက်မှာ အာဆီယံအဖွဲ့က ဒီမိုကရေစီအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံကာ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရတစ်ရပ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုကာ NUG ကိုယ်စားလှယ်တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေရဲ့ မြို့တော်တွေကို ဖိတ်ကြားသင့်ပါတယ်။

အာဆီယံအဖွဲ့က အလှည့်ကျ အထူးကိုယ်စားလှယ်အပေါ် မမှီခိုသင့်တော့ပါဘဲ နိုင်ငံခြားရေးဝန်ကြီးတွေ၊ အကြီးတန်းအာဏာပိုင်တွေနဲ့ အနီးကပ် လက်တွဲနိုင်တဲ့ အချိန်ပြည့် အမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ဖို့ စဉ်းစား သင့်ပါပြီ။ အာဆီယံ အထူးကိုယ်စားလှယ်ကို စစ်တပ်အာဏာပိုင်တွေ၊ အတိုက်အခံတွေနှစ်ဖက်စလုံးနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ တာဝန်ပေးနိုင်ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ဟာ အခြေအနေနဲ့ မြေပြင်တိုးတက်မှုကို စောင့်ကြည့်ဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်နိုင်ရမှာဖြစ်ပါတယ်။

စစ်ကောင်စီကို ကျောထောက်နောက်ခံပြုတာဟာ အနာဂတ်မှာ အာဆီယံအဖွဲ့နဲ့ဆက်ဆံရေးကို သေချာ ပေါက် ထိခိုက်စေတယ်ဆိုတဲ့ သတင်းစကားကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တရုတ်နဲ့ရုရှားနိုင်ငံထံ ပေးပို့ ရမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို စစ်တန်းလျားပြန်ပို့မယ့် အာဆီယံရဲ့တွန်းအားအတွက် ဒီမိုကရေစနိုင်ငံတွေက လက်တွဲဆောင်ရွက်ရမှာဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဟာ နိုင်ငံရေးစနစ် မတူညီတဲ့ အဖွဲ့ဝင်ဆယ်နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင်တစ်နိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံကို နိုင်ငံရေးစနစ် လေ့လာစေဖို့ အလွန်ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ ဝန်ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူတာက ဘယ်လိုနိုင်ငံရေးစနစ်မျိုး ကျင့်သုံးပါစေ နောက်ပြန် မလှည့်သင့်ပါဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အာဆီယံအဖွဲ့မှာ တာဝန်ရှိပါ တယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆက်ပီရိုမြ ရေးသားထားတဲ့ Reflections on ASEAN’s Special Envoys’ Efforts in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။