ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
ရွေးတုသမ္မတအဖြစ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အရေးကိစ္စ မေးမြန်းမှုကို ချန်လပ်၍ ရွေးတုအစိုးရဘက်က ၎င်းတို့အလိုကျ ဝါဒဖြန့်လာကြောင်း သိရသည်။
အိန္ဒိယသို့ ငါးရက်ကြာခရီး ရောက်ရှိနေသော မြန်မာ့ရွေးတုသမ္မတ အသွင်ပြောင်း စစ်ခေါင်းဆောင်နှင့် ယမန်နေ့ ဇွန် ၁ ရက်က နယူးဒေလီမြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံ၍ ထိုသို့ မေးမြန်းသလို အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနှစ်ဖက် တွေ့ဆုံမှုနှင့် ပတ်သက်၍ အိန္ဒိယအစိုးရဘက်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ သတင်းထောက်များ မေးမြန်းမှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri က ပြန်လည်ဖြေကြားပြီး ဆွေးနွေးသော အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အာဏာသိမ်းမှုကြောင့် ကြီးထွားဖြစ်ပေါ်နေသည့် မြန်မာ့အရေး အခြေအနေများအပေါ် ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းကိစ္စ၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်အတွက် သက်ဆိုင်သူအားလုံး ဆွေးနွေးများပွဲသို့ ပါဝင်လာရန်ကိစ္စတို့ အဓိကထား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သို့သော် ရွေးတုအစိုးရဘက်ကမူ အဆိုပါကိစ္စရပ်အား သတင်းချန်လပ်၍ နှစ်ဖက်တွေ့ဆုံရာတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးအရ ဆက်ဆံရေးများ၊ ကာကွယ်ရေးနှင့်လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများအပါအဝင် စသည်တို့ ဆွေးနွေးခဲ့ကြောင်း ဝါဒဖြန့် ထုတ်ပြန်ထားသည်။
ယင်းအပြင် အိန္ဒိယအစိုးရအတွက် အဓိကအရေးပါလှသော ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးတို့ကို အပြီးသတ်နိုင်ရေး နီးကပ်စွာ ပူးပေါင်းသွားရန် နှစ်ဖက်စလုံးက သဘောတူ ဆွေးနွေးကြကြောင်း ဖော်ပြထားသည်။
လက်ရှိ စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်သည် ရွေးတုသမ္မတအဖြစ် အသွင်ပြောင်းပြီးနောက် ပထမဆုံးအကြိမ် သွားရောက်ရသော ပြည်ပခရီးစဉ်ဖြစ်ပြီး တရုတ်အစိုးရ ဖိအားများ လျော့ချရန် ရည်ရွယ်သလို ဒီမိုကရေစီနိုင်ငံ၏ အလေးပေး၊ ထောက်ခံမှုအား ရရှိစေရန်ဖြစ်ကြောင်း အကဲခတ်များက ထောက်ပြသည်။
အဆိုပါခရီးစဉ်အပေါ် အာဆီယံလူ့အခွင့်အရေး ပါလီမန်အမတ်များအဖွဲ့ (APHR)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ခုခံတော်လှန်နေသော EROs ပါဝင်စုဖွဲ့ထားသည့် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF)နှင့် အရပ်ဘက်အဖွဲ့အစည်း (၁၂၂) ဖွဲ့ စသည်တို့ကလည်း အသီးသီးစာထုတ် ကန့်ကွက်ထားသည်။
ဓာတ်ပုံ-MOI