ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇွန် ၂ ရက်

 

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် ရွေးတု အစိုးရ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သုံးရက်တာ တိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း သိရသည်။

 

အုတ်ဖိုမြို့နယ်၊ ထွက်တိုးရွာသို့ စစ်ကြောင်းထိုးလာသည့် ဗိုလ်ကြီးစိုးပြည့်ကျော် ဦးဆောင်လာသည့် အင်အား ၈၀ ပါတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မေ ၂၀ ရက်နေ့တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ တပ်သား ခြောက် ဦးသေဆုံးပြီး တစ်ဦးပေါင်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါစစ်ကြောင်းသည် ဆက်လက်၍ မေ ၂၁ ရက်နေ့တွင် ထွက်တိုးရွာမှ ကြီးပျက်ရွာသို့ ဆင်လက်စစ် ကြောင်းထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များက ၎င်းတို့စခန်းချနေသည့် ကြီးပျက်ရွာရှိ နေအိမ်ပေါ်သို့ ဒရုန်းဖြင့်‌ဗုံးသီး သုံး လုံး ချတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စကစ(စစ်တပ်)ကကျေးရွာတွေကိုလိုက်လံ ဖျက်ဆီးနေတာကိုကြားဖြတ်တိုက်တာပါ။ မနေ့က(ဇွန် ၁ ရက်) ဆို စက်တပ်လေထီးသုံးစီးရော၊ အသေခံဒရုန်းတွေရောပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် ပြီးခဲ့သည့် မေ ၂၂ ရက်နေ့ကလည်း ကြီးပျက်ရွာရှိ စစ်‌တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးသီးချ၍ မြေပြင်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးစိုးပြည့်ကျော် အပါအဝင် လေး ဦးသေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ မြောင်ရွာသို့ ထွက်ပြေးဆုတ်ခွာသွားကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် စစ်ကြောင်းထိုးလာစဉ်အတွင်း ဒေသခံများကိုလူသားဒိုင်းပြုလုပ်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ နေရာယူသည်ဟု ယူဆရသည့်နေရာများကို ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ယခုတိုက်ခိုက်မှုများကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ တပ်ခွဲ(၁၊၂၊၃၊၄၊၅၊၆)၊ တပ်ရင်း လက်ရုံးတပ်ဖွဲ့၊ တပ်ရင်း- ၃၈၀၃ တပ်ခွဲ (၁၊၅)၊ ဗျူဟာ ၂၂ ရဲဘော်များ၊ ရန်ကုန်တိုင်းပကဖ၊ သာယာဝတီခရိုင်ပကဖ၊ လက်ပံတန်းမြို့နယ်ပကဖအဖွဲ့၊ BTZM အဖွဲ့နှင့် Spring Bee UAV Force အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ပုံစာ – စစ်တပ်ဒရုန်းကြောင့်သေဆုံးခဲ့သည့်ဒေသခံအမျိုးသားတစ်ဦး