ဧရာ၀တီတိုင်းမ်
ဇွန် ၂ ရက်
တပ်သားသစ် အင်အားလိုအပ်ချက် ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ရွေးတုအစိုးရစစ်တပ်က လူငယ်များ ကို အခြေခံပညာသင်ကြားပေးမည်ဟု အကြောင်းပြကာ စစ်သားစုဆောင်းရန် ဖွင့်လှစ်ခဲ့သည့် “စစ်တပ်ပညာရေးသင်တန်းကျောင်းများ” တွင် ကျောင်းအပ်သူ ကင်းမဲ့နေ၍ တစ်နိုင်ငံလုံးရှိ သင်တန်း ကျောင်း ၁၁ ကျောင်းကို ပိတ်သိမ်းလိုက်ရကြောင်း သိရသည်။
စစ်အုပ်စုသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လူငယ်များကို ရွေးချယ်ခေါ်ယူပြီး Grade 9 မှ Grade 12 အထိ အခြေခံပညာသင်ကြားပေးမည်ဟုဆိုကာ တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် စစ်တပ်ပညာ ရေးသင်တန်းကျောင်းများ ဖွင့်လှစ်ခဲ့သည်။
ထို့သို့ စစ်သင်တန်းကျောင်းများ ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းအပ်သူမရှိသဖြင့် ရန်ကုန် (ရဲမွန်) ရှိ အမှတ်(၁) စစ်တပ်ပညာရေးသင်တန်းကျောင်းနှင့် နေပြည်တော် (ပုဗ္ဗသီရိ) ရှိ အမှတ်( ၂) စစ်တပ် ပညာရေး သင်တန်းကျောင်း နှစ်ခုကိုသာ ဇွတ်အတင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
“အများစု ကျောင်းအပ်တာကတော့ သူတို့တပ်ဝင်းထဲမှာနေတဲ့ အောက်ခြေစစ်သားတွေရဲ့ သားသမီးတွေ ကိုပဲ ဖိအားပေးပြီး မဖြစ်မနေ တက်ခိုင်းထားတာ။ ရပ်ကွက်ထဲကဆိုရင်တော့ စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေရဲ့ သားသမီး အနည်းအကျဉ်းပဲ တက်ကြတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်အုပ်စုသည် အဆိုပါ လူငယ်သင်တန်းကျောင်းများသို့ လာရောက်အပ်နှံရန်အတွက် ကျောင်းသား များကို နေစားစရိတ်ငြိမ်း ထောက်ပံ့မည့်အပြင် အတန်းအလိုက်၊ တစ်ဦးချင်းအလိုက် လစာငွေ ကျပ် ၄၅,၀၀၀ ကျော်နှင့် စစ်မှုထမ်းတစ်ဦး၏ လစာရာခိုင်နှုန်း တစ်စိတ်တစ်ပိုင်းကိုပါ ခံစားခွင့်ပေးမည်ဟု မက်လုံးမျိုးစုံပေးကာ ဝါဒဖြန့် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။
သင်တန်းကျောင်းတက်ရောက်သူများသည် ကျောင်းဝင်းအတွင်း အချိန်ပြည့် နေထိုင်ရမည် ဖြစ်ပြီး အိမ်ပြန်ခွင့်ကိုလည်း တင်းကျပ်သည့် စစ်စည်းကမ်း၊ သတ်မှတ်ချက်များဖြင့်သာ ခွင့်ပြုထားကြောင်း သိရသည်။
စစ်တပ်၏ အဆိုပါ သင်တန်းကျောင်းများကို ပုံမှန်အခြေခံပညာကျောင်းတစ်ခုထက် လူငယ်များကို စစ်ထဲသွင်းရန် ဖမ်းဆီးပိတ်လှောင်ထားသည့် “စစ်သင်တန်းကျောင်းမျိုး” အဖြစ် မြင်တွေ့နေ ကြသဖြင့် မိဘများက ကျောင်းအပ်ရန် ငြင်းဆန်နေကြခြင်း ဖြစ်သည်။
လက်ရှိတွင် လူငယ်သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်ရည်ရွယ်ထားသည့် မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ ကျိုင်းတုံ၊ အောင်ပန်း၊ မိတ္ထီလာ၊ တောင်ငူ၊ ပုသိမ်၊ မော်လမြိုင်၊ စစ်တွေနှင့် မြိတ် စသည့် မြို့များရှိ စစ်တပ်သင်တန်းကျောင်း ၁၁ ကျောင်းလုံးတွင် ကျောင်းသား အပ်နှံခြင်းမရှိသဖြင့် လုံးဝပိတ်ထားရပြီး အခြားဒေသများသို့လည်း ထပ်မံတိုးချဲ့နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် မြေပြင်တွင် စစ်ရှုံးမှုများကြောင့် တပ်သားသစ် အင်အားလိုအပ်ချက် အဆမတန် များပြားနေသဖြင့် မတရားစစ်မှုထမ်းဥပဒေဖြင့် အဓမ္မ ဖမ်းဆီးခြင်း၊ လမ်းပေါ်တွင် ပေါ်တာဆွဲ ခြင်းများအပြင် ယခုကဲ့သို့ စစ်တပ်ပညာရေးသင်တန်းကျောင်းများဟု အမည်ပြောင်းကာ နည်းလမ်း မျိုးစုံဖြင့် စစ်သားစုဆောင်းရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။