ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၂ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ မနေ့က ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်က အရက်အလွန်အကျွံသောက်သုံးထားတဲ့ ဒေသခံအမျိုးသားတစ်ဦး လမ်းဘေးလဲကြ သေဆုံးသွားတယ်လို့ သိရပါတယ်။

မနေ့ညက ၈ နာရီဝန်းကျင်အချိန်မှာ မြောင်းမြမြို့၊ ပါစကယ်ကုန်း လမ်းဘေး၌ အရက်အလွန်အကျွံသောက်သုံးထားတဲ့ ဒေသခံအမျိုးသားတစ်ဦး လဲကျသေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“သွားလာနေရင်း လမ်းဘေးလဲကျသွားတာတွေ့တော့။ ဘေးက လူတွေက ဝိုင်းပြီးကြည့်ကြတယ်။ လူမှုကူညီရေးအသင်းကို ဖုန်းဆက်ပြီးခေါ်တော့ မကြာဘူး ​ရောက်လာတယ်။ အဲ့ကတည်းက အသက်မရှိတော့တာ။ သူ့ကိုတော့တော်တော်များက သိကြတယ်။ သူက အရက်အရမ်းသောက်တာ”လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးသူမှာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ဦးတင်အောင်ထွန်းဆိုသူဖြစ်တယ်လို့ သိရှိရပြီး ရာသီဥတုအေးနေချိန်မှာ အရက်အလွန်အကျွံသောက်သုံးတာကြောင့် သွားလာနေရင်း လမ်းပေါ်လဲကျသေဆုံးခဲ့ရတာလို့ မြောင်းမြမြို့ခံ လူမှုကူညီရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

“ဘာရောဂါကြောင့်လဲ မသိရဘူး။ ဒီရက်ထဲ ရာသီဥတုကလည်း အေးတာကြောင့်လည်းဖြစ်နိုင်တာပဲ။ သူက အရက်အလွန်အကျွံသောက်တဲ့သူလို့ပဲ သိရတယ်” လို့ မြောင်းမြမြို့ခံ လူမှုကူညီရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မိသားစုရဲ့သဘောဆန္ဒအရ မနေ့က ညတွင်းချင်းပဲ မြို့မသုသာန်ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။