ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ ၆ လ သက်တမ်းအတွင်း တိုက်ခိုက်မှုများကို ထိရောက်စွာ ကိုင်တွယ်သွားမည်ဟု ပြောဆိုနေမှုသည် နောက်ဆုံးအချိန် နီးလာသဖြင့် သွေးရူး​သွေးတန်း ပြောလာခြင်းသာဖြစ်ကြောင်း PRA-Magway မှ နိုင်ငံရေးမှူး နောင်သူရိန်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။

နေပြည်တော်မှာ ဖေဖော်ဝါရီ ၉ ရက်က ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့ အစည်းအဝေးတွင် ထပ်တိုး ၆ လ သက်တမ်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် တိုက်ခိုက်မှုများ လျော့နည်းအောင် ထိရောက်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

“ရန်သူကတော့ အရင်ကတည်းက ဒီလိုပေါက်လွှတ်ပဲစားတွေ ပြောနေခဲ့တာပါပဲ။ အခုဆို ပိုဆိုးတယ်။ သူရဲ့ နောက်ဆုံးအချိန် နီးလာလေလေ သွေးရူး​သွေးတန်း ပြောလာလေလေပါပဲ။ ဘယ်နှစ်လအတွင်း ချေမှုန်းပစ်မယ်တို့ အမြစ်ဖြတ်ပစ်မယ်တို့ ‌ပြောချင်တာ ပြောနေတာပဲ။ ကျနော်တို့အနေနဲ့ကတော့ ရန်သူ့ပြောတဲ့စကားတွေ လုပ်ဆောင်မှုတွေကို မျက်ခြေမပျက်အောင် စောင့်ကြည့်နေပြီး ကျနော်တို့လုပ်စရာရှိတာ ပုံမှန်လုပ်နေမှာပါပဲ။ ရန်သူကို ရန်သူလိုပဲ သဘောထားပါတယ်။ ကျနော်တို့ရဲ့မူတွေကို ကိုင်စွဲပြီး နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာပါ” ဟု PRA-Magway မှ နိုင်ငံရေးမှူး နောင်သူရိန်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး သက်ဆိုင်ရာ ဒေသများတွင် မနက် ၆ နာရီမှ ည ၆ နာရီအတွင်း ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့သည်။

“ဒါကတော့ ရယ်စရာပြက်လုံး တစ်ခုလို့ပဲ ကျွန်တော်တို့က ပြောချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လက်တွေ့လည်းပဲ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ တိုက်ခိုက်မှုအရှိန်တွေကို ပြင်းပြင်းထန်ထန် မြှင့်နေတာ လက်တွေ့ပဲဗျာ။ အဓိကက လေကြောင်းအားသာမှုပေါ့။ လေကြောင်းအားသာမှုကို အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ ရှိတယ်။ နောက်ဆုံးပေါ့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့တွေမှာ ပြည်သူလူထုကိုပါ နေလို့မရအောင်ကို အမျိုးမျိုးဖိနှိပ်နေတာတွေ ရှိတယ်ဗျာ“ ဟု နိုင်ငံရေးလေ့လာသူ စစ်ကိုင်းဒေသခံ ဦးစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အာဏာသိမ်းမှု ၂ နှစ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ၉၇၀၀ ကျော်ရှိပြီး လက်နက်ပေါင်း ၁၇၆၉၀ ကျော်၊ လက်လုပ်မိုင်းနှင့် ဗုံးအလုံးရေ ၂၇၂၀၀ ကျော်အပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

‌”မကွေးလို့ ပြောတဲ့အခါမှာ အပိုင်းသုံးပိုင်း ခွဲပြောရမယ်ဗျ။ မကွေးအထက်ပိုင်း ယောနဲ့ပခုက္ကကူနားကတော့ တော်လှန်ရေးအင်အားစုတွေ အားကောင်းနေတော့ ရန်သူက အဲဒေသတွေကို ထိန်းချုပ်ဖို့ ခက်ခဲနေတယ်။ နောက် ဧရာဝတီအနောက်ဘက်ဘမ်း ပုသိမ်-မုံရွာ ကားလမ်းတစ်လျှောက် ပွင့်ဖြူ၊ စလင်းကနေ သရက်၊ ကံမ၊ မင်းတုန်းတစ်ကြောကတော့ ကပစစက်ရုံတွေရှိနေတယ်။ ရန်သူ့ထောက်ပို့ ကွင်းဆက်ကြီးရဲ့ အဓိကအစိတ်အပိုင်းလို့ ပြောရမယ်။ အဲနေရာတွေကို အ‌ခြေခံပြီး ရခိုင်၊ချင်း၊ စစ်ကိုင်းနဲ့ မြန်မာပြည်အထက်ပိုင်းကို ထောက်ပို့လုပ်ငန်းတွေ လုပ်ဆောင်နေတာတွေရှိတယ်၊ နောက် မကွေး နတ်မောက်၊ တောင်တွင်းကြီး စတဲ့ဒေသတွေကတော့ နယ်မြေအနေအထားအရ ရန်သူအားသာမှုရှိတဲ့နေရာတွေပဲ။ ရန်သူရဲ့ ယန္တရားအစုံရှိပြီး အဲယန္တာရားကို ဆက်ပြီးလည်ပတ်နေနိုင်တာကို ‌တွေ့ရတယ်” ဟု နိုင်ငံရေးမှူး နောင်သူရိန်က ပြောသည်။

မြန်မာနိုင်ငံတဝန်း နေ့စဉ်တိုက်ပွဲများ ဖြစ်ပွါးနေပြီး စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ဒေသများအပါအဝင် နိုင်ငံအနှံ့ကို စစ်ကြောင်းထိုးခြင်း၊ တပ်အင်အား တိုးချဲ့ခြင်းနှင့် လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ တိုးမြှင်လုပ်လာကြောင်း သိရသည်။