ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၂ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ပြီး ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားလာသလို မြောင်းဖုံးတွေပါ ဖြုတ်ခိုးခံနေရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီအမိန့်ထုတ်ထားတဲ့ ညမထွက်ရအမိန့်ကျော်တာနဲ့ ဆိုင်ကယ်တွေနဲ့ အုပ်စုလိုက် လိုက်လံခိုးယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။
” ညဆို ၁၂ ကျော်လောက်ဆို လမ်းတွေထဲ အော်ချင်တိုင်း အော်ပြီ မောင်းဝင်လာတာ၊ ပြီးရင် စသလို နောက်သလိုနဲ့ မြောင်းဖုံးတွေကို မယူသွားတာ၊ အုပ်စုလိုက်လာတာဆိုတော့ မြင်ရင်တောင်ငြိမ်နေရတယ်”လို့ အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြောင်းဖုံးတွေကို ဖြုတ်ခိုးတဲ့ သူခိုးအုပ်စုဟာ အရက်သေစာသောက်စားထားတဲ့ ပုံစံမျိုးနဲ့ အုပ်စုလိုက် အော်ဟစ်ကာ လမ်းတွေထဲဝင်လာလေ့ရှိပြီး ခွေးတွေရင် ခွေးကိုပါ ခိုးယူသွားလေ့ရှိတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ ခုလိုမျိုး ခိုးမှုတွေ ဆက်တိုက်ဖြစ်လာရတာဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအားနည်းမှုကြောင့် ညပိုင်း မီးမလာတာများလို့ ခုလိုမျိုး သူခိုးတွေက အုပ်စုဖွဲ့ ခိုးယူတာတွေများလာတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။