ဧရာ၀တီတိုင်းမ်သတင်းအဖွဲ့
ဖေဖော်ဝါရီလ ၁၂ ရက်
အသက် ၂၀ အရွယ် PDF ရဲမေတစ်ဦး တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း မြေအောက်လျှပ်စီးပြောက်ကျား တပ်ဖွဲ့ ဟူသော Facebook Page က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ Facebook စာမျက်နှာ၌ အသားဖြူဖြူ၊ ရုပ်ရည်သန့်ပြန့်သော အမျိုးသမီးငယ်တစ်ဦး၏ ဓာတ်ပုံကို ပို့စ်တင်၍“အကိုတို့ဆီကနေ ထွက်သွားတာ စောလိုက်တာ ငါ့ညီမလေးရယ်။ တာ၀န်ကျေပါတယ်ကွာ။ ညီမလေး အတွက် သွေးကြွေးပြန်ယူ ပေးပါ့မယ် အကို မုန်တိုင်း ကတိပေးတယ်ညီမလေး။ မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့မှ ကျဆုံးသူ မစုမွန်ထက် အသက် ( ၂၀ ) နှစ်ကောင်းရာဘုံဘ၀သို့ ရောက်ရှိပါစေ”ဟု ရေးသားခဲ့သည်။
ပြည်သူအများက Generation-Z လူငယ်တစ်ဦး စစ်ကောင်စီကိုတော်လှန်ရင်း ငယ်ငယ်ရွယ်ရွယ်နှင့် လူ့လောကထဲက ထွက်သွားရသည်ဟု ထင်မြင်ပြီး ဝမ်းနည်းဂရုဏာ သက်ခဲ့ကြသည်။ အမှန်တကယ်တော့ မသမာသူ လူတစ်စုက မြေအောက်လျှပ်စီးပြောက်ကျား တပ်ဖွဲ့ ဟူသော Facebook Page ဖွင့်၍ တော်လှန်ရေးကို ဗန်းပြ၍ နည်းလမ်းပေါင်းစုံဖြင့် လိမ်လည်ခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အခြေစိုက်သည်ဟု ဟန်ဆောင်ထားသော “မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့“ သည် အမည်ခံ တော်လှန်ရေးတပ်ဖွဲအတု သာဖြစ်ကြောင်း စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများက ပြောသည်။
Facebook လူမှုကွန်ရက် စာမျက်နှာမှတဆင့် တော်လှန်ရေးနှင့်ပတ်သတ်သော တိုက်ပွဲသတင်းအတု၊ စစ်ရေးလေ့ကျင့်မှုအတု၊ မစ်ရှင်အတုများကို အကွက်ကျကျဖန်တီး၍ တော်လှန်ရေးအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ တော်လှန်ရေးအတွက် ထောက်ပို့ပြုလုပ်နေသူများနှင့် ပြည်သူများကို လိမ်လည်ခဲ့ခြင်း ဖြစ်သည်။
“မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့“ ၏ လူမှုကွန်ရက်စာမျက်နှာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲံပြီး စစ်ကိုင်းကိုင်း ဆားတောင်မြို့နှင့် အုန်းတောနယ် တစ်ဝိုက်တွင် အခြေပြု လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်ဟု ဆိုကာ လိမ်လည်ခဲ့ခြင်းဖြစ်သည်။
“ဆားတောင်မှာ မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့ဆိုတာ တစ်ကယ်လည်း မြေပြင်မှာမရှိပါဘူး။ ဘာတိုက်ပွဲမှမရှိဘဲ မစ်ရှင်အတုတွေလိမ်ပြီးလုပ်နေတာပါ။ အဓိကကတော့ တော်လှန်ရေးကို စိတ်ပါဝင်စားတဲ့ ပြည်သူတွေနဲ့ PDF တွေကို ဖမ်းဆီးချင်လို့ စစ်ကောင်စီဘက်က ထောင်ချောက်ဆင်တဲ့သဘောပါ။ ကျွန်တော်တို့နဲ့ Local PDF တွေနဲ့က အမြဲချိတ်ဆက်မှုရှိပါတယ်။ ဆေးတပ်သား သေဆုံးတယ် ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ လိမ်တဲ့ သတင်းသာဖြစ်ပါတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယက ၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ဧရာဝတီတိုမ်းကို ပြောသည်။
“မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့“သည် PDF ရဲမေ ကျဆုံးသည်ဟု လိမ်လည် ထုတ်ပြန်သလို စစ်ကောင်စီသတင်းပေးဒလန် မဖြူသဇင်၊ ဒလန် မှတ်ကြီးတို့ကို ရှင်းလင်းလိုက်သည်ဟုလည်း လိမ်ညာကာ သတင်းထုတ်ပြန်ခဲ့သည်။
စစ်ရေးမစ်ရှင်နှင့်ပတ်သတ်၍လည်း PDF တပ်ဖွဲ့များ ထုတ်ပြန်လေ့ရှိသည့်အတိုင်း “စစ်ကိုင်းတပ်မ ၃၃ မှ ၂ပွင့်ဗိုလ် နှင့် စစ်ကောင်စီ တပ်သား ၅ ဦးမောင်းနှင်းလာတဲ့ Honda Fit ကား အမျိုးစားကို အုန်းတောလမ်းပိုင်းနှင့် ဆားတောင်လမ်းပိုင်းတွင် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲခဲ့ရာ လိုက်ပါလာသော ၂ပွင်ဗိုလ်တစ်ဦး နှင့် တပ်သား ၄ ဦး အားလုံးကျဆုံးခဲ့ပါတယ်”ဟု ရေးသားထုတ်ပြန်ခဲ့သည်။
အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ အတုသည် လူမှုကွန်ရက် စာမျက်နှာ မှတဆင့် ဖော်ပြနေသည့် ၎င်းတို့၏ သတင်းများကို ယုတ္တိရှိစေရန် အတွက် မြေပြင်တွင် အမှန်တကယ်မရှိသော ဖြစ်စဉ်များကို ရှေ့သတင်း နောက်သတင်း ချိတ်ဆက်ကာ စနစ် တကျပုံဖော်ရေးသားထားသည်ကို တွေ့ရသည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးကဆိုသည်။
“သူတို့တင်ထားတာတွေက ဆားတောင်ဘက်မှာမရှိဘူး။ ဒီလိုလုပ်တာက အမျိုးမျိုးတွေး လို့တော့ရပါတယ်။ စစ်ကောင်စီရဲ့ တန်ပြန်ထောက်လှမ်းရေးလား၊ အလှူခံစား သက်သက်လားပေါ့။ အခုလိုခုလုပ်လိုက်တာ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ အလှူရှင် တွေရော၊ ထောက်ပို့တွေရော ပြည်သူတွေကပါ တကယ်လုပ်တဲ့ အဖွဲ့တွေကိုပါ အလိမ် အညာလားဆိုပြီး ထင်နိုင်ဖွယ်တွေ ရှိလာနိုင်ပါတယ်။ သူတင်ထားတဲ့ သူရေးထားတဲ့ စာတွေဖတ်ရင်ကို မူမမှန်တာကို တွေ့ရပါလိမ့်မယ် ” ဟု ဆာတောင်မြို့ရှိ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်း PDF အဖွဲ့အတုသည် စစ်သင်တန်းအတု၊ မစ်ရှင်အတု၊ တိုက်ပွဲအတု ဖန်တီးပြီး အယုံသွင်းသလို စစ်လက်နက် မပြည့်မစုံဖြင့် စစ်ကောင်စီကို တိုက်ပွဲဝင်နေရကြောင်း လိမ်လည် အလှူခံမှုလည်း ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့အဖွဲ့လေးမှာ မိုင်းနဲ့ပဲတိုက်ခိုက်နေရပါတယ်။ Auto တစ်လက်မှမရှိသေးတဲ့ အတွက် တတ်နိုင်သလောက်ပါ၀င်ပေးကြပါဦးဗျာ။ အင်တာနက်မရတော့ထောက်ပံ့မှု မရရှိသေးလို့ပါ ခင်ဗျာ”ဟု Facebook Page တွင် လိမ်လည်ပို့စ်တင်ကာ အလှူခံခဲ့သည်။
မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့သည် ပြည်သူများနှင့် ဒေသခံတော်လှန်ရေး အဖွဲ့အစည်းများကို သာမက သတင်းမီဒီယာများကိုပါ လိမ်လည် လှည့်ဖျားခဲ့သည်။ အဆိုပါ တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မုန်တိုင်း အမည်ခံထားသူသည် ပြည်တွင်း အခြေစိုက် မီဒီယာများကိုသာမက ပြည်ပအခြေစိုက် နိုင်ငံတကာမီဒီယာများကိုပါ ၎င်းကိုယ်တိုင် အင်တာဗျူးပေး၍ ပိပိရိရိ သေသေသပ်သပ် လှည့်စားခဲ့သူဖြစ်သည်။
“ရည်ရွယ်ချက်ကိုအတိကျမသိပေမယ့် သူတို့က စနစ်တကျလုပ်သွားတော့ သတင်းဌာန တွေ အတော်များများ ခံလိုက်ရတယ်။ နောက်တစ်ချက်က သတင်းဌာနတွေဘက်က သတင်းစိစစ်မှုအပိုင်းပေါ့။ စစ်တပ် အာဏာသိမ်း ပြီးနောက်ပိုင်း သတင်းစိစစ်မှုမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိလာတယ်” ဟု မဲခေါင်သတင်းဌာန တာဝန်ခံအယ်ဒီတာ ကိုဥာဏ်လင်းထက်က ပြောသည်။
မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ စာမျက်နှာသည် ၎င်းတို့အပေါ် ယုံကြည်မှုရှိစေရန် အတွက် အုန်းတော Dragon GZ အဖွဲ့ နှင့် နွေဦးရောင်နီ အဖွဲ့တို့ကိုပါ မစ်ရှင်ပူးတွဲအကောင်အထည်ဖော်သူ ပါတနာ များအဖြစ် ဖော်ပြကာ ယုတ္တိတန်အောင် ဖော်ပြထားသေးသည်။
အဆိုပါ Dragon GZ အဖွဲ့ နှင့် နွေဦးရောင်နီ အဖွဲ့တို့မှာလည်း အုန်းတောနှင့်ဆားတောင်မြို့နယ်တွင် မရှိကြောင်း ဆားတောင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံက သိရသည်။ မြေပြင်၌ အမှန်တကယ်မရှိသော PDF အဖွဲ့အတုက နောက်ထပ် PDF အဖွဲ့အတုနာမည်များ ထပ်မံဖန်တီး၍ ပူးတွဲမစ်ရှင်ပြုလုပ်သည်ဟု ယုတ္တိရှိအောင် လိမ်ညာခဲ့ခြင်း ဖြစ်သည်။
“စုံစမ်းရသလောက်တော့ အုန်းတောDragon GZ အဖွဲ့နဲ့ နွေဦးရောင်နီအဖွဲ့ဆိုတာ လည်း မရှိပါဘူး”ဟု ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူများထံ သတင်းမှန်ရရှိနိုင်ရေးအတွက် တင်ဆက်ရာတွင် စိန်ခေါ်မှုများ ကြုံတွေ့နေရသည့် သတင်းမီဒီယာများ၏ အခြေအနေကို ယခုကဲ့သို့ အဖြစ်အပျက်များနှင့် နှိုင်းယှဉ်၍ မဲခေါင် သတင်းဌာန တည်ထောင်သူက ယခုလို ဖြေကြားသည်။
“တစ်ဖက်အသံတစ်မျိုးနဲ့ပဲ ရေးနေရတဲ့အခြေနေတွေရှိတယ်။ ကောင်တာ ပြန်ပြီး စစ်ဆေးဖို့ကြတော့လည်း စစ်ကောင်စီကိုမေးရင် သူဖြေချင်တဲ့ မီဒီယာ သူဖြေတယ်။ တကယ်လို့ အဖြေရခဲ့ရင်တောင် ဖြေတဲ့အဖြေက လိမ်ထားတဲ့ အဖြေမျိုးဖြစ်နေတယ်။ ဒေသခံမေးရင်လည်း အခင်းဖြစ်တာပဲသူတို့သိမယ်။ သေဆုံး ထိခိုက်မှုကို သူတို့ မသိနိုင်ဘူး။ အခုလို မှားသွားတယ်တဲ့အခြေအနေမှာ ကျွန်တော်တို့ သတင်းသမား တွေအတွက် သင်ခန်းစာပေါ့ဗျာ။ ကျွန်တော်တို့မှာလည်း စိန်ခေါ်မှု တွေအများကြီးပါ။ လုံခြုံရေးကအစ အထူးသတိထားရတယ်” ဟု တာဝန်ခံအယ်ဒီတာ ကိုဉာဏ်လင်းထက်က ဆိုသည်။
ဗိုလ်မုန်းတိုင်းဦးဆောင်သည့် မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ အမည်ရှိ Facebook လူမှုကွန်ရက် စာမျက်နှာသည် သတင်းအတု များအပြင် တိုက်ခိုက်မှုကို ပုံဖော်ထားသည့် သတင်း ဓာတ်ပုံအတုများကိုများကိုပါ ဖန်တီး၍ ဖော်ပြလာခြင်းမှ စတင်ကာ သတင်းမီဒီယာများမှ သတိထားမိခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဆားတောင်မြို့ပေါ်ရှိ လောင်းကစားဝိုင်းအား ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်ဟုဖော်ပြခဲ့သည့် ကျည်ပေါက်ရာများနှင့် ကားတစ်စီးသည် ဖိလစ်ပိုင်နိုင်ငံ မဂင်းဒနွိုင်းမြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က အမည်မသိလူတစ်စုမှ Mayor Vic Samama ပိုင်သည့်ကားအား ပစ်ခတ် ခဲ့သည့်ဖြစ်စဉ်မှ ပုံဖြစ်သည်ဟု Fact and Check လုပ်သည့် သတင်းမီဒီယာ တစ်ခုတွင် ဖော်ပြထားသည်။
“ခုတလောတော့ ဒီနားမှာ ပစ်ခတ်သံတွေ မကြားမိဘူး။ တစ်ခုခုဖြစ်ပြီဆိုရင် စစ်သားတွေက ရွာထဲ၀င်မွှေနေကြ။ အခုက ဆားတောင်မှာ အဲဒီလိုမျိုးဖြစ်စဉ်မရှိပါဘူး။ ဖြစ်ရင် သိရမှာပါ” ဟု ဆားတောင်မြို့ခံ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပြသည်။
ထိုသို့ မြေပြင်တွင် တကယ်မရှိပါဘဲ မစ်ရှင်အတု များဖြင့် လိမ်လည်ခဲ့သည့် “မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့” နှင့် “ဗိုလ်မုန်းတိုင်း” အကြောင်းကို ပိုမိုသိရှိနိုင်ရန်အတွက် ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် တော်လှန်ရေး အဖွဲ့အစည်း များထံ ထပ်မံ ချဉ်းကပ် စုံစမ်းခဲ့သည်။
“ဗိုလ်မုန်တိုင်း ကတော့တကယ်ရှိတယ်။ ကျွန်တော်တို့နဲ့ အပတ်စဥ်တူတဲ့သူတွေအကုန် သိကြတယ်” ဟု ကရင်နီဒေသရှိ PDFအဖွဲ့ တစ်ခုက ပြောသည်။
နာမည်တူမရှား၊ လူတူမရှား တော်လှန်ရေး တပ်ဖွဲ့များ ဆင်တူယိုးမှားကြားတွင် ဗိုလ်မုန်တိုင်း တကယ်ရှိ၊ မရှိနှင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံထားရသည့် အခြေအနေ ရှိ၊ မရှိကိုမူ ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။
မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့မှာ PDF တပ်ဖွဲ့အတုဖြစ်ကြောင်း ထင်ရှားပြီးနောက် ၆ ရက်အကြာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် People’s Defence Force Kani ဆိုသည့် PDF အဖွဲ့အတု၏ Facebook Page အကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။
ဖေဖော်ဝါရီ ၈ ရက်နေ့တွင်မှ စတင်ဖွင့်လှစ်ထားသော People’s Defence Force Kani ဆိုသည့် Facebook Page အတုသည် ကနီမြို့နယ်တွင် ကွမ်းယာရောင်းသည့် အမျိုးသမီးတစ်ဦးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ တပ်သား နှစ်ဦးကို ကွမ်းယာထဲတွင် အဆိပ်ခတ်သတ်၍ သေနတ်နှစ်လက် ရယူခဲ့သည့်ဟု သတင်းမှားထုတ်ပြန် ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။
“ကနီမြို့နယ်မှာ ကွမ်းယာရောင်းတဲ့ အမျိုးသမီးတစ်ဦးက စစ်သားနှစ်ဦးကို ကွမ်းထဲ အဆိပ်ခတ်ပြီး သေနတ်နှစ်လက် ရယူခဲ့တယ်ဆိုတဲ့သတင်းကို People’s Defence Force Kani ထုတ်ပြန်ထားတာတွေ့ရတယ်။ ကနီနယ်မှာ ဒီသတင်းဖြစ်စဥ်မျိုး လုံးဝမရှိခဲ့ပါဘူး” ဟု ကနီမြို့နယ် အရှေ့ဘက်ခြမ်း ပကဖ တာဝန်ခံ ဦးမောင်စိုးက ပြောသည်။
ယခုကဲ့သို့ အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာသည့် အတွက် သတင်းမီဒီယာများ အနေဖြင့် သတင်းဖော်ပြရာတွင် စိစစ်ဖော်ပြရန် လိုအပ်နေသကဲ့သို့ ယခုကဲ့သိုအဖြစ်အပျက်များသည် တော်လှန်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအတွက် ထောက်ပံ့နေသူများကိုပါ ထိခိုက်နိုင်သည့် အခြေအနေဖြစ်နေသည်ဟု ပြောဆိုကြသည်။
စစ်ကောင်စီအနေဖြင့် PDF တပ်ဖွဲ့များ အပေါ် ပြည်သူလူထု အယုံအကြည်ကင်းမဲ့စေရန်၊ ပြည်သူလူထုနှင့် PDF တပ်များကြား ဆက်ဆံရေး ပျက်ပြားစေရန်၊ PDF တပ်များကို ပြည်သူလူထုက မထောက်ပံ့စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုကြသည်။
မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့“ စာမျက်နှာ အတုသာမက လူမှုကွန်ရက်တွင် ထပ်မံထွက်ပေါ် တော်လှန်ရေးတပ်ဖွဲ့ အတုများကိစ္စအား ဖြေရှင်းရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အနေဖြင့်လည်း တာဝန်ရှိသည်ဟု အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် ကြားကာလ တရားဥပဒေစိုးမိုးရေးဌာန၊ NUG တရားရေး ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ယခုလို မှတ်ချက်ပြုသည်။
“ဒီကိစ္စကို NUG အနေနဲ့ ဖြေရှင်းသင့်ပါတယ်။ ကွပ်ကဲမှုနဲ့ အုပ်ချုပ်ရေး လုပ်ငန်းစဉ် လိုနေတာလို့ မြင်တယ်။ ဒီလောက်တိုးတက်နေတဲ့ ခေတ်မှာ Information ကို အချိန်နဲ့ တပြေးညီ မလုပ်နိုင်တဲ့ဌာနတွေရယ်၊ ကာကွယ်ရေးဌာနတွေအနေနဲ့ လက်တွေ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”ဟု သူက ပြောသည်။
#မြေအောက်လျှပ်စီးပျောက်ကြား #PDFအတု #ဆားတောင်မြို့ #စစ်ကိုင်းမြို့ #Ayeyarwaddy_Times