ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကုလားကွဲအုပ်စု၊ လုံခံကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်းများအား ပြည်သူ့နေအိမ်ခြံများထဲ မြေမြှုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဒါ့ပြင် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လည်ပိုင်းက အာဏာသိမ်း စစ်ကောင်စီတပ်မှ ဒေသခံပြည်သူအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ နေ့လည်လောက်က လုံခံရွာသားကို စကစ တွေ ပစ်သတ်သွားတယ်။ ရွာထဲမှာတင် ပစ်သတ်တာ။ နာမည်နဲ့ အ​ကြောင်းရင်းကိုတော့ မသိရသေးဘူး။ နောက်ပြီး မနေ့က တိုက်ပွဲမှာ သေတဲ့စကစတွေရဲ့ အလောင်းတွေကို ရွာထဲက အိမ်ခြံတွေထဲမှာ မြုတ်နေကြတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ထို့အပြင် လုံခံကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရစဉ် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ခမရ ၆၈ တပ်မှ စျေးဆိုင်များကို ဝင်ဖောက်ပစ္စည်းယူသွားကြောင်း ဒေသခံများက ပြောသည်။

“ခမရ ၆၈ တပ်က လုံခံရွာထဲက စျေးဆိုင်တွေကို ဖေါက်ပီးပစ္စည်းတွေ ယူနေကြတယ်။ တိုက်ပွဲအပြီး ရွာခံတွေက စစ်ရှောင်နေကြချိန် ညပိုင်းပေါ့။ ဝင်ဖောက်တာ သုံးဆိုင်ပါ။ တန်ဖိုးကြီးတာတွေ အကုန်ယူသွားတယ်” ဟု ၄၆ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ခမရ ၆၈ တပ်မှ ဝင်ဖောက်ခဲ့သည့် စျေးဆိုင်များမှာ “ရွှေကြယ်ငွေကြာဖြူ” ကုန်စုံဆိုင်၊ “စိန်ဟုန်”
စားသောက်ဆိုင်နှင့် “ပြည့်စုံအောင်” စားသောက်ဆိုင်တို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ခလရ ၂၅၃ ၊ ခမရ ၆၈ တို့သည် ဖေဖော်ဝါရီ ၁၀ ရက်၊ မနက်ပိုင်းက လုံခံကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး စတင်တိုက်ခိုက်ခဲ့ရာမှ မန္တလေး PDF နှင့် တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဘက်မှ လေယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကြောင့် နောင်ချိုမြို့နယ်၊ ကုလားကွဲအုပ်စု၊ လုံခံကျေးရွာ၊ နားခါးကျေးရွာ၊ ကြံခင်းကျေးရွာ၊ ဒိုးပင်ကျေးရွာတို့မှ ဒေသခံပြည်သူ ၆၀၀ ဦးခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ရှောင်တွေကို ဟိုခိုဖက်ပေးမသွားဘူး။ မနေ့ကထိ ရသေးတယ်။ ဒီနေ့ ပေးမသွားတော့ဘူး။ အရင်သွားတဲ့ လူတွေက ဟိုခိုမှာ။ ကျန်တဲ့သူတွေ ကိုယ့်အိမ်ကိုယ်နေ မနေချင်ရင် တောင်ပေါ်ရွာတွေ တက်နေလို့ စခတွေက ပြောတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ခလရ ၂၅၃ ၊ ခမရ ၆၈ တို့သည် လုံခံကျေးရွာနှင့် ဒိုးပင်ကျေးရွာတို့အား ဝင်ရောက်စီးနင်းထားပြီး မေမြို့၊ မိုးကုတ်လမ်းကိုလည်း ဖြတ်သန်းခွင့် ပိတ်ထားကြောင်း သိရသည်။