ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၂ ရက်
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီက ဖွင့်လှစ်မယ့် ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့အတွက် ရပ်ကွက်နဲ့ ကျေးရွာတွေကို လူ ၄၀ စီ တောင်းနေတယ်လို့ သိရပါတယ်။
ရပ်ကွက် ၁ ရပ်ကွက်ကို လူ ၄၀ ဦးတောင်းတာကြောင့် မလိုက်ချင်တဲ့သူများလို့ ဆယ်အိမ် ၁ ယောက်နှုန်း မဲနှိုက်တာတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ခုလဆန်းမှစတာ ရပ်ကွက်တွေရော ကျေးရွာတွေရော တစ်ရပ်ကွက် လူ ၄၀၊ တစ်ရွာ လူ ၄၀ အဲ့တာမျိုး တောင်းတာ၊ မလိုက်ချင်တဲ့သူများတော့ ခုမဲနှိုက်နေရတယ်”လို့ အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြည်သူ့စစ်သင်တန်းမတက်ချင်တာကြောင့် မဲပေါက်တာထဲသူတွေကလည်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို လာဘ်ငွေထိုးပြီး လူစားထိုးဖို့စီစဥ်နေရတယ်လို့ ဆိုပါတယ်။
ခုလိုမျိုး တစ်ရွာ လူ ၄၀ နှုန်းတောင်းပြီး ပြည်သူ့စစ် သင်တန်းပေးဖို့စီစဥ်နေတာဟာ စစ်ကောင်စီတပ်မှာ အင်အားလျော့နည်းလာတာကြောင့် အရန်အင်အား အဖြစ်အသုံးပြုဖို့ သင်တန်းပေးတာမျိုးဖြစ်နိုင်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။