ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်

ဧရာ၀တီတိုင်း ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့သက္ကယ်သောင်ကျေးရွာအုပ်စု အုန်းချောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အတွင်းမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ညက အခြင်းခြင်းပစ်ခတ်မှု
ဖြစ်ပွားခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့ကာ ကျူးလွန်ခဲ့တဲ့တပ်သားကို ပိတ်ဆို့ရှာဖွေနေပေမယ့် ၄ ရက်ကြာသည်အထိဖမ်းမမိသေးဘူးလို့ တပ်မိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

“ပစ်သွားတဲ့ကောင်လေးက ကင်းမစောင့်ပဲ ဘောလုံးကန်ပြီးပြန်လာတာ တပ်ကြပ်ကြီးက ကင်းချိန်ကျော်သွားလို့ လက်ပါတယ်ထင်တယ်၊ ကြားတာတော့နံချပ်ကူနဲ့ရိုက်တယ်ဆိုလားပဲ၊ ဟိုက ၄ ချက်ပစ်သွားတာ ခုထိတော့ မိတယ်လို့မကြားသေးဘူးလက်နက်ပါယူပြီးပြေးနေတာ”လို့ တပ်မိသားစုနဲ့နီးစပ်သူကပြောပါတယ်။

သေဆုံးသွားသူမှာ တပ်ကြပ်ကြီး တင်၀င်းဆိုသူဖြစ်ပြီး ပစ်ခတ်ခံရတဲ့နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျူးလွန်သူစစ်ကောင်စီတပ်သား လင်းထွဋ် မှာ ထွက်ပြေးသွားပြီး ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သက္ကယ်သောင်ကျေးရွာ၊ အုန်းချောင်းရွာ အနီးတစ်ဝိုက်နှင့် ထိပ်စွန်းဒေသ တစ်ဝိုက်ကသစ်တောတွေကို ပိတ်ဆို့ ကာ တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရွာက အဲ့လိုအခြင်းခြင်းပစ်တယ်လို့ မသိရဘူးဗျ၊ အရင်ကလဲတပ်ထဲမှာ အရက်မှုးရင်သေနတ်တွေဘာတွေဖောက်နေကြဆိုတော့လေ၊ သေတဲ့ တပ်ကြပ်ကြီးရဲ့ အမျိုးတွေက ငပုတောဘက်ကသူတို့ဆီကပြန်ကြားရတာ၊ စစ်တပ်ကတော့ သူကလက်နက်ကြီးနဲ့ပြေးတာဆိုတော့ ရွာတွေကိုမ၀င်လောက်ဘူးယူဆပုံရတယ်၊ တောတွေထဲကိုပဲ မွှေရှာနေတယ်”လို့ သက္ကယ်သောင်ကျေးရွာက အသက်၅၀အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာတပ်ဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်မြို့(၂၇၁)တပ်ရဲ့ တပ်ရင်းတစ်ရင်းဖြစ်ပြီး ငပုတောမြို့နယ်၊ ကျောက်က္ကလပ် ထိပ်စွန်းဒေသမှာ ပင်လယ်ပြင်နဲ့ နယ်မြေစိုးမိုးရေးအတွက် ချထားတာဖြစ်ပြီး သက္ကယ်သောင် ကျေး ရွာ အုန်းချောင်းမှာ တပ်ခွဲအဖြစ်စခန်းချ နေတာလို့သိရပါတယ်။