ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တံတားဦး ညောင်ပင်အောက်ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များကို ယနေ့မနက်ပိုင်းအချိန်က ကျားဖြူစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့(ဖေဖော်ဝါရီ ၁၁)ရက် နံနက် ၅ နာရီခွဲအချိန်ခန့် တွင် ကျားဖြူစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ အဆိုပါ စစ်ကောင်စီစခန်းကို သွားရောက်ပစ်ခတ်ခဲ့ရာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကဖားဖြူစစ်ကြောင်းထံမှ သိရသည်။
“ရန်သူဘက်က ၆ ယောက်ထက် မနည်းဘူးသေတယ်။ သေဆုံးစာရင်းကိုတော့ သေချာမပြောနိုင်သေးဘူး။ မနက်အစောကြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ရဲဘော် ၂ ယောက်လည်း ထိတယ်။ မစိုးရိမ်ရပါဘူး”ဟု ကျားဖြူစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များထံမှ အတို ၁ လက်၊ MA 3 ၂ လက်၊ ကျည်ဘောက် ၄ ခု၊ RPG 7 ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီဘက်မှ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည့်အတွက် ကော့ကရိတ်အနီး၀န်းကျင်တွင် ဖြတ်သန်းသွားလာသည်များကို သတိပြုကြရန်နှင့် မြေပြင်အခြေအနေ အသေးစိတ်ကိုထပ်မံ အသိပေးသွားမည်ဟုဆိုသည်။
ယင်းတိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Albino Tiger Column၊ PDF၊ KNLA ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ကော့ကရိတ် #တံတားဦး #ညောင်ပင်အောက်ဂိတ် #စစ်ကောင်စီစခန်း #တိုက်ခိုက်ခံရ #သေဆုံး
#Ayeyarwaddy_Times