ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်

နှင်းဆီပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်အား ထောင်ပြေးမှု၊ ငွေကြေးခဝါချမှုဖြင့် ယခင် NLD အစိုးရက ဖမ်းဆီးထောင်ကျကာ ပါတီကိုလည်း ဖျက်သိမ်းခဲ့သဖြင့် နှင်းဆီပါတီသည် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) အဖြစ် အမည်ပြောင်းကာ ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ ပြုလုပ််မည့် ၂၀၂၃ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ထောင်ပြေးမှု၊ ငွေကြေးခဝါချမှုဖြင့် ထောင်ကျနေသည့် နှင်းဆီကျော်မြင့် (ခ) ဦးကျော်မြင့် ဦးဆောင်သည့် နှင်းဆီပါတီသည် အမည်ပြောင်း ပါတီမှတ်ပုံတင် လျှောက်ထားခဲ့သည့်အပေါ် UEC က လက်ခံလိမ့်မည် မဟုတ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။

“မူးယစ်ဆေးဝါးနဲ့လည်း ပတ်သက်တယ်။ နောက်ပြီး ထောင်ကနေလည်း ထွက်ပြေးတယ်။ နှစ်မြောက်များစွာနဲ့ ကျထားတဲ့ကောင်က ရွေးကောက်ပွဲဥပဒေအရ ဘယ်ရမလဲ။ မှတ်ပုံတင် တင်တာကတော့ တင်ပေါ့။ လုပ်ပါစေ။ ရာဇဝတ်မှုနဲ့ လုပ်တဲ့ပါတီကို နိုင်ငံတကာကလည်း စောင့်ကြည့်နေတာလေ။ UEC နဲ့ စစ်ကောင်စီ သိက္ခာကျအောင် ဝင်သလိုဖြစ်မှာပဲလေ။ သူတို့ကတော့ ပြည်ခိုင်ဖြိုးကို ရံပေးမှာပဲလေ။ နှင်းဆီက ဘယ်လိုမှ ဥပဒေနဲ့မညီဘူး။ အသိမှတ်ပြုမယ်၊ ခွင့်ပြုမယ် မထင်ပါဘူး” လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။

ထိုသို့ အမည်ပြောင်း၍ ပါတီမှတ်ပုံတင် လျှောက်ထားလာမှုအပေါ် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ဥပဒေ၊ နည်းဥပဒေ တို့ဖြင့် ဆက်လက်စိစစ်လျက်ရှိကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့် ပါတီများအနေဖြင့် ၂ လအတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး မလျှောက်ထားပါက ပါတီအဖြစ်မှ ပျက်ပြယ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်က အသစ်ပြဌာန်းခဲ့ခြင်းဖြစ်သည်။