ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာပြီး ငွေသာကျေးရွာကို မီးသွားရှို့သည့် စစ်ကောင်စီတပ်သားများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီတွင် ဓားမဆိုင်းတပ်မတော်မှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် အင်အား ၁၀၀ ဝန်းကျင်ဖြင့် ငွေသာကျေးရွာကို မီးရှိုးဖျက်စီးနေချိန်မှာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ၅ ဦး အပြင်း အထန် ဒဏ်ရာရရှိသွားကြောင်း ဓားမဆိုင်းတပ်မတော် တပ်ဖွဲ့ဝင်များထံမှ သိရသည်။
“ဒီကောင်တွေ ငွေသာကျေးရွာ မီးရှို့နေချိန်မှာ ကျွန်တော်တို့ လက်နက်ကြီးလက်နက်ငယ်နဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲချိန်ကတော့ ၂ နာရီကျော်ကြားခဲ့ပါတယ်၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ အဆက်မပြတ်ပြန်လည်ပစ်ခတ်ခဲ့လို့ ကျွန်တော်တို့ ပစ်ခတ်မှုရပ်ပြီး အထိခိုက်မရှိ ဆုတ်ခွာခဲ့ပါတယ်” လို့ ဓားမဆိုင်းတပ်မတော် D.M.S.A မှ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတ်ိုင်းမ်သို့ပြောသည်။
အဆိုပါတိုက်ခိုက်မှုအား ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် D.M.S.A ဦးဆောင်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။