ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

လုံခြုံရေးစည်း ပေါက်မှုများ ရှိ၍ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသား ပြောဆိုနေခြင်းများနှင့် ပတ်သက်ပြီး စည်းကမ်း ရှိရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားလိုက်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေထဲ ရောက်ရှိနေကြသည့် လူငယ်အများစုသည် ဆိုရှယ် မီဒီယာပေါ်တွင် စည်းမရှိ ကမ်းမရှိ ရေးသားပြောဆိုမှုများ ရှိနေခြင်းကြောင့် စည်းကမ်းရှိရန် လိုအပ်ခြင်း ဖြစ်ကြောင်းလည်း ပဒိုစောတောနီးက ဧရာဝတီတိုင်းမ် သတင်းဌာနသို့ ပြောကြားသည်။

ထိုကဲ့သို့ ဆိုရှယ်မီဒီယာပေါ် ရေးတင်နေမှုကြောင့် လုံခြုံရေးစည်း ပေါက်ခဲ့ရကြောင်း တချို့လည်း ထိုအချင်းအရာကို သတိထားမိပါလျက် ပြောဆို ရေးသားနေကြကြောင်းလည်း ၎င်းကပြောသည်။

“အထူးသဖြင့် ကျွန်တော်တို့ပြောနေတဲ့ စစ်စည်းကမ်းဆိုတာ အရေးကြီးပါတယ်။ မထင်ရင် မထင်မှတ်သလို ဆိုရှယ်မီဒီယာကနေ တင်ချင်သလို တင်ကြတဲ့အခါကျတော့ အဲဒါတွေက သိလို့ပဲဖြစ်ဖြစ်၊ မသိလို့ဘဲ ဖြစ်ဖြစ် လုံခြုံရေးစည်းက နေရင်း ထိုင်ရင်းနဲ့ကို ပေါက်နေတယ်။ တော်တော်များများ သတိမထားမိတဲ့ အချက်ဖြစ်တယ်။ ဒါပေမယ့် တစ်ချို့ ကျတော့လည်း သတိထားမိရဲ့နဲ့ ပြောနေရင်းနဲ့ လုပ်နေတာတွေ ရှိတယ်။ ဒါတွေက ကျွန်တော်တို့ ကြပ်မတ်ရမယ့် အပိုင်းရှိတာပေါ့။ အခြားဟာတွေလည်း ရှိရင်ရှိမယ် ကျွန်တော်တို့ ပြောလို့မရပါဘူး”ဟု ပဒိုစောတောနီးက ဆက်လက် ပြောဆိုသည်။

ဆိုရှယ်မီဒီပေါ် တင်မည်ဆိုပါက အကျိုးနဲ့ အပြစ်ကို တွေးဆပြီးမှ တင်လျှင် လုံခြုံမှု ရှိနိုင်ကြောင်း CDM တပ်မတော်သား တစ်ဦး ဖြစ်သည့် ဗိုလ်ကြီး သစ်လွင် (အမည်လွှဲ) ကလည်း ပြောသည်။

ဗိုလ်ကြီး သစ်လွင်က“အဓိကတော့ တစ်ယောက်ချင်းစီက ပို့စ်တစ်ခုမတင်ခင် ဒါတင်လိုက်ရင် နောက်ဆက်တွဲ အကျိုးတွေ အနေနဲ့ ငါတို့ဘာရမလဲ၊ အပြစ်အနေနဲ့ ဘာရမလဲ ဆိုတာပေါ့။ ဒီလိုတွေးပြီးမှ လူတိုင်း တင်ရင်တော့ အများကြီး လုံခြုံတာပေါ့ နော်။ တင်တဲ့နေရာမှာလည်း စိတ်ပြေလက်ပျောက်ပေါ့၊ လူအထင်ကြီးအောင် တင်လိုက်တယ် ဆိုရင်တော့ အဆင်မပြေဘူး”ဟုလည်း ပြောဆိုသည်။

စစ်အာဏာသိမ်းမှု ၂ နှစ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်ပြီးလည်း KNU ဗဟိုမှ ဖေဖော်ဝါရီ ၉ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။

ထို ထုတ်ပြန်ချက်ထဲတွင် KNU နယ်မြေအတွင်းသို့ အာဏာသိမ်းမှု အဆက်ဆက်တွင် လာရောက်ခိုလှုံခဲ့သော လူတချို့သည် ယနေ့အချိန်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ အတွက် အလုပ်လုပ်ပေးလျက် ရှိကြောင်း ဖော်ပြပါရှိမှု နှင့် ပတ်သက်ပြီးလည်း ပဒိုစောတောနီးက ဆက်လက် ပြောကြားသည်။

“ဒါက တကယ်လည်း ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ ပြန်ကြားရေးဌာနက အသိပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သာမန်အားဖြင့် မျက်မြင်တွေ့နေရတာက အထူးသဖြင့် ကျွန်တော်တို့ဘက် ရောက်လာတဲ့ လူငယ်တွေ တော်တော် များများဟာ ဒီနေ့ဒီကာလမှာ အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာတွေပေါ် အင်မတန်ပဲ စည်းမရှိကမ်းမရှိ လုပ်နေတဲ့အပိုင်းတွေ ရှိနေတယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် စစ်ဘက် တပ်ဘက် နယ်မြေထဲ ရောက်လာပြီလေ။ ဒီလို အဝိုင်းအဝန်း ထဲမှာ ရောက်လာတဲ့အခါ စည်းကမ်းတော့ ရှိရမှာပေါ့”ဟု ပဒိုစောတောနီးက ပြောသည်။

ထို့ပြင် လာရောက် ခိုလှုံသူများထဲတွင် စစ်ကောင်စီ စေလွှတ်လိုက်သော သူလျှိုများ အများအပြား ပါဝင်ခဲ့သည် ဟုလည်း ဆိုသည်။

ယင်းသူလျှိုများသည် KNU နယ်မြေထဲသို့ ရောက်ရှိလာသော ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်များနှင့် KNU အဖွဲ့ အစည်းတို့ကြား ယုံကြည်မှု မတည်ဆောက်နိုင်ရန်နှင့် အချင်းချင်း စိတ်ဝမ်းကွဲမှုများဖြစ်စေရန် နည်းလမ်း အမျိုးမျိုးဖြင့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် အတွက် နယ်မြေ လုံခြုံရေးအပေါ် အထူး ထိခိုက်စေခဲ့သည်ဟု အဆိုပါ KNU ဗဟို၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။