ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဖေဖော်ဝါရီလ ၁၁ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မြို့စွန်တွင် လက်နက်နှင့်သေဆုံးနေသော စစ်ကောင်စီတပ်သား ၁ ဦးကို သေနတ် ၂ လက်နှင့်အတူ CDF နဲ့ CNA ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၉ ရက်နေ့၊ ညနေပိုင်းတွင် တွေ့ရှိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။
“စစ်ကောင်စီတပ်သားရဲ့ အလောင်းကို ထန်တလန်မြို့၊ မြို့စွန်တစ်နေရာမှာ လက်နက် ၂ လက်နဲ့ တွေ့ရှိခဲ့တာပါ။ ဘာကြောင့် သေနေတာလဲတော့ အတိအကျမသိရဘူးပေါ့နော်။ကျွန်တော့်တို့ ခန့်မှန်းတာကတော့ ထန်တလန်မြို့မရဲစခန်းတိုက်ပွဲဖြစ်တဲ့အခါမှာ တိုက်ပွဲဖြစ်ရာကနေ ထွက်ပြေးတဲ့အချိန် မိုင်းမိပြီး သေဆုံးတာ ဖြစ်မယ်လို့ ထင်ပါတယ်´´ဟု ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောကြားသည်။
ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရဲစခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားဖြည့်တင်းမှုများဆောင်ရွက်နေကြောင်းဒေသကာကွယ်ရေးတပ်ထံမှ သိရသည်။
လက်ရှိ ချင်းပြည်နယ်၊ နေရာအနှံ့တွင် ချင်းကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီးယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း ဟားခါးမြို့၊ သီးမစ်ချောင်းတွင် စစ်ကောင်စီနှင့် CNA, CDF ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာ CNAတပ်ဖွဲ့ဝင် ဆလိုင်းဖေထန် ကျဆုံးသွားကြောင်းဒေသခံသတင်းဌာနများ၏ ဖော်ပြချက်များအရသိရသည်။