ဧရာဝတီတိုင်းမ်
​(မင်းတပ်)၊ ဖေ​ဖော်ဝါရီလ ၁၁ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၊ မြို့အဝင်ဂိတ်အနီးတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ကCDF-Mindatနှင့် စစ်ကောင်စီတပ်တို့ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်က သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ အသက်ဆုံးရှုံးသွားကြောင်းCDF မင်းတပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ CDF မင်းတပ်တို့ မြို့အဝင်ဂိတ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သား ၂ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေရဲ့ သေနတ်ရမ်းသမ်းဖြစ်ခတ်မှုကြောင့် မြို့အဝင်ဂိတ်အနီးမှာရှိတဲ့ ၁၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေနတ်ထိမှန်ထားပါတယ်။ ဒဏ်ရာပြင်းထန်တဲ့အတွက် မန္တလေးမြို့၊ ဆေးရုံကို သွားရောက်ကုသပေမယ့် အသက်ဆုံးရှုံးခဲ့ရတယ်” ဟု အသက် ၂၆ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ ပြည်သူနေအိမ်​တစ်ချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖုန်းလည်းများလည်း ဖြတ်တောက်ထားကြောင်းဒေသခံများထံမှ သိရသည်။