ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ပျူအဖွဲ့သို့၀င်ရန် လိုက်လံ စည်းရုံးနေသည့် သင်္ကန်း၀တ် ဦးဝါသ၀ ဦးဆောင်သည့် စိန်နားရွာရှိ ပျူစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၂ နာရီခန့်က ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ ပျူစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များမှ ၀င်ရောက်စီးနင်း သိမ်းပိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့်ပျူအဖွဲ့၀င် ၈ ဦး သေဆုံး ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း (၁၆)-TRF ထံက သိရသည်။

“ဝါသ၀ရဲ့ တပည့်တွေ ဦးဆောင်နေတဲ့ ပျူစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ပျူတွေကို သင်တန်းပေးနေတဲ့ စစ်ကောင်စီက အရာရှိ တစ်ယောက်ရယ်၊ သူ့သက်တော် စောင့်တစ်ယောက်နဲ့ ပျူအဖွဲ့၀င် ၆ ယောက်သေတယ်။ ဒဏ်ရာရပြီးထွက်ပြေး လွတ်မြောက်သွားတဲ့ သူတွေလည်းရှိတယ်။ MA -1 တစ်လက်၊ ကာဘိုင်တစ်လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရခဲ့တယ်” ဟု ရွှေဘိုခရိုင် PDF တပ်ရင်း (၁၆)-TRF တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် စစ်ကောင်စီအရာရှိမှာ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း (၆၀၀၆) မှ စစ်ဗိုလ် ကျော်ဇင်သက်‌ဆိုသူဖြစ်ပြီး ကန့်ဘလူနယ်ရှိ မြေတူး၊ မှော်တော၊ စိန်နား၊ ကမ်းဖြူရွာသစ်၊ ဆားကုန်းကျေးရွာများ၌ ပျူအဖွဲ့၀င်များ ဖွဲ့စည်းစေပြီး သင်တန်းပေးနေသူဖြစ်ကြောင်း၊ သင်္ကန်း ၀တ်ပျူခေါင်းဆောင် ဝါသ၀နှင့်အတူ ပျူအဖွဲ့များပြန့်ပွားအောင် လုပ်ဆောင်နေသူဖြစ်ကြောင်း PDF တပ်ရင်း (၁၆)-TRF တာ၀န်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း(၁၆) ရွှေဘိုခရိုင်- TRF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မ‌တော် တပ်ရင်း(၁)ကန့်ဘလူခရိုင်တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#ကန့်ဘလူ #ပျူစောထီးခေါင်းဆောင် #ဦးဝါသ၀ #ပျူစခန်း #တိုက်ခိုက်သိမ်းပိုက် #၈ဦးသေ #Ayeyarwaddy_Times