ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်သို့ စစ်ရှောင်လာသော ပြည်သူ၂၀၀၀ ကျော် စားဝတ်နေရေးခက်ခဲနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ကစ၍ စစ်ရှောင်လာရသည့် ပြည်သူများမှာ ဝက်လက်မြို့နယ်ရှိ ကမ်းဘေး သဲသောင်တစ်နေရာတွင် ယာယီတဲတွေဖြစ် နေထိုင်ကြကြောင်း Eagle Guerrrilla Force အဖွဲ့ထံမှသိရသည်။
“ကျွန်တော်တို့အဖွဲ့ကလည်း သူတို့ကို အဲ့လိုတွေရတော့ သနားလို့တတ်နိုင်ဘက်က သွားရောက် လှူဒါန်းပေးနေတာပါ၊ ကျန်တဲ့သူတွေလည်း တတ်နိုင်သလောက် လှူဒါန်းပေးစေချင်တယ်ဗျ၊ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့များအနေနဲ့လည်း ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီကြဖို့လိုအပ်တယ်”ဟု Eagle Guerrilla Force တပ်ရင်း၁၅၊ တပ်ခွဲ ၁ အဖွဲ့၏ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အဆိုပါ စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကောင်စီတပ်က လက်နက်ကြီးဖြစ် ပစ်ခတ်သောကြောင့် နွား ၆ ကောင် ထိမှန်ခဲ့သေးကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။
“ကျွန်တော်တို့ရွာကို သူတို့က စစ်ကြောင်းထိုးပြီး အထိုင်ချနေတာကြောင့် ထွက်ပြေးလာခဲ့ရတာပါ၊အခုချိန်က မြေပဲပေါ်ချိန်ဗျ။ မနှုတ်ရသေးတဲ့ မြေပဲခင်းတွေလည်းကျန်ခဲ့တယ်။ ပြန်တဲ့သူတွေကိုလည်း ဖမ်းထားတယ်လို့သိရတယ်ဗျ။ ကျွန်တော်တို့ရွာတွေက အိမ်ရှိပစ္စည်းတွေကို ယူပြီး မြေပဲတွေကိုလည်း မန္တလေးမြို့ပေါ်တက်ရောင်းကြမယ်လို့လဲ ကြားရတယ်။ သူတို့က မတရားလုပ်ကြတာက သူတို့စရိုက်ဆိုတော့ လုပ်ကြပေါ့ဗျာ။ ပြည်သူ့မေတ္တာတနေ့စူးမှာပါ”ဟု ကျွန်းတောကျေးရွာနေ စစ်ရှောင်ပြည်သူအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ရှောင်ရသူအများစုမှာ စဉ့်ကူးမြို့နယ်ရှိ ဇီးကုန်း၊ကျွန်းတောရွာနှင့် ပေါက်ကုန်းရွာသားများဖြစ်ကြပြီး အိမ်ထောင်စုပေါင်း ၇၀၀ ခန့်ရှိကြောင်း သိရသည်။