ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်

ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေး မြန်မာစစ်ကောင်စီကို ဖိအားပေးတဲ့ အစီအမံ သစ်တွေ လုပ်ဆောင်ကြဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆို လိုက်ပါတယ်။

ကုလသမဂ္ဂ ပညာရှင်တွေက ပြည်တွင်းစစ်အဖြစ် ညွှန်းဆိုခဲ့တဲ့ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အ စိုးရထံမှ စစ်တပ်က အာဏာသိမ်းယူမှုကြောင့် ဖြစ်လာခဲ့တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သတ္တိရှိရမယ်လို့ နှစ်ရက်ကြာ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မလေးရှား-ထိုင်းကုန်သည်ကြီးများအသင်း၌ မိန့်ခွန်းပြော ကြားရာမှာ အန်ဝါက ထည့်သွင်းပြောခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေက ထောင်နဲ့ချီတဲ့ အရပ်သားတွေကို သတ်ဖြတ်ကာ ပြည်သူ တစ်သန်းကျော်ကို အိုးအိမ်စွန့်ခွာစေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး ကြောင့် ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာ ဒုက္ခသည်စခန်းတွေမှာ နေ ထိုင်နေရပါတယ်။

မြန်မာနိုင်ငံမှာလည်း ပြည်တွင်းမူဝါဒတွေ၊ ဉီးစာပေးလုပ်ငန်းတွေရှိတယ်လို့ အန်ဝါက ဆိုပါတယ်။ “ဒါပေ မယ့် ဘယ်တိုင်းပြည်ကမှ ခွဲခြားဆက်ဆံတဲ့မူဝါဒတွေ၊ ကိုယ့်ပြည်သူကို အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန် တာ မဖြစ်သင့်ပါဘူး” လို့ သူက ဆိုပါတယ်။

မိမိပြည်သူအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်မယ့်နည်းလမ်းတွေ အာဆီယံအဖွဲ့ က အကြံပြုမယ်လို့ သူက ပြောပါတယ်။

မြန်မာ့အရေးကြောင့် ဒုက္ခသည်များစွာက ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံများသို့ ထွက်ပြေးရခြင်းကြောင့် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာဆီယံအဖွဲ့က သည်းညည်းမခံသင့်ဘူး လို့ အန်ဝါက ထောက်ပြပါတယ်။

“မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ထုတ်ပယ်သင့်ပါပြီ။ ခိုင်မာတဲ့ တူညီဆန္ဒရှိပြီး မြန်မာစစ်ကောင်စီထံ အားကောင်းတဲ့ သတင်းစကားတစ်ခု ပေးမယ်ဆိုရင် စံတစ်ခုဖြစ်လာပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဆီယံအဖွဲ့က ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ကာ စစ် ကောင်စီက အဆိုပါတူညီဆန္ဒကို ကနဉီး သဘောတူခဲ့ပေမယ့် အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

အာဆီယံအဖွဲ့က စစ်ကောင်စီခေါင်းဆောင်တွေကို ဒေသတွင်းအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ငြင်းဆန်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့ပေမယ့် ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ၊ ခရိုနီတွေအပေါ် နိုင်ငံရေးနဲ့ စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်တာ အပါအဝင် အနောက်နိုင်ငံတွေက စစ်ကောင်စီအပေါ် ပြင်းထန်သော အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – AP
Ref; Malaysian leader wants tougher ASEAN pressure on Myanma